အွန်လိုင်းတွင် တွေ့သည့်  ဗီဒီယိုအတိုင်း မီးသီးလုံးကို ပါးစပ်ထဲထည့်ပြီး ငုံကြည့်ရာမှ  ပြန်ထုတ်မရ၍ တရုတ်အမျိုးသား ဆေးရုံရောက် 

အွန်လိုင်းတွင် တွေ့သည့်  ဗီဒီယိုအတိုင်း မီးသီးလုံးကို ပါးစပ်ထဲထည့်ပြီး ငုံကြည့်ရာမှ  ပြန်ထုတ်မရ၍ တရုတ်အမျိုးသား ဆေးရုံရောက် 
By Mr John

 တရုတ်နိုင်ငံ Zhejiang ပြည်နယ်မှ အမျိုးသားတစ်ဦးသည် လူတစ်ဦး ပါးစပ်ထဲတွင် မီးသီးလုံးငုံပြသသည့် အွန်လိုင်းဗီဒီယိုကို မြင်တွေ့ပြီးနောက် ထိုသို့ လိုက်လုပ်ရာ ပါးစပ်ထဲကနေ မီးလုံး ပြန်ထုတ်မရဖြစ်ပြီး ဆေးရုံ အရေးပေါ်ခန်းသို့ ရောက်သွားခဲ့သည်။ 

၂၀၂၃ ခုနှစ် ဇူလိုင်လ၏ နောက်ဆုံးပတ်က   Zhejiang ပြည်နယ် Yuyao မြို့နယ်မီးသတ်ဌာနမှ မီးသတ်သမားများမှာ ကို့ရို့ကားယားအဖြစ်ဆုံး ဖြစ်ရပ်တစ်ခုနှင့် ကြုံခဲ့ရသည်။

ထို့နေ့က မီးသတ်ဌာနသို့  မီးသီးလုံးငုံထားမိသည့် Chen ဆိုသူ အမျိုးသား အပြေးအလွှားရောက်လာခဲ့ပြီး ၎င်း၏အဖြစ်ကို မီးသတ်သမားမျာအား ရှင်းပြခဲ့သည်။ 

သို့သော် ထိုအမျိုးသားက ပါးစပ်ကို တီရှပ်ဖြင့်ပတ်၍  ဖုံးအုပ်ထားပြီး စကားကို ဗလုံးဗထွေးအသံများဖြင့်သာ ပြောပြနေရာ အားလုံးက နားမလည်ဖြစ်နေချိန်မှာပင် ၎င်းက ပါးစပ်တွင် ဖုံးအုပ်ထားသည့် တီရှပ်ကို ဖယ်ရှားပြလိုက်သည့်အချိန်တွင်မူ ပါးစပ်အတွင်း LED မီးလုံးတစ်လုံးဝင်နေပြီး ပြန်ထုတ်မရ ဖြစ်နေကြောင်း မီးသတ်သမားများ သဘောပေါက်သွားခဲ့ကြသည်။

အခြေအနေကို စစ်ဆေးကြည့်ရှုခဲ့ပြီးနောက် မီးလုံးကို ပါးစပ်ထဲမှ ဆွဲထုတ်ချိန်တွင် သွားများနှင့်မလွတ်ဘဲ မီးလုံးကွဲပြီး  Chen ၏ ပါးစပ်ကို ဆိုးဆိုးရွားရွား ထိခိုက်နိုင်ကြောင်း သုံးသပ်မိသည့်အတွက်  မီးသတ်သမားများအတွက် အလွန်ခက်ခဲသည့်အလုပ် ဖြစ်နေခဲ့သည်။ 

ထို့နောက် မီးသတ်သမားများက Chen ကို အနီးအနားရှိ Yuyao ပြည်သူ့ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ကြသည်။

ဆေးရုံတွင် ဆရာဝန်များက စစ်ဆေးပြီးနောက် Chen မှာ မီးလုံးကို ပြန်ထုတ်ရန် ၎င်း၏ပါးစပ်ကို လုံလောက်စွာ မဟနိုင်ကြောင်း တွေ့ရှိခဲ့သည်။ 

ထိုအခြေအနေအရ ဆရာဝန်များက မေးရိုးကိုလွှဲ၍ ပါးစပ်ဖွင့်သည့် အထူးကိရိယာသုံးပြီး Chen ၏ ပါးစပ်ထဲမှ မီးလုံးကို ထုတ်ပေးခဲ့ရသည်။ 

ဆေးရုံသို့ မရောက်မီ လွန်ခဲ့သည့် (၂) နာရီခန့်ကတည်းက ၎င်း၏ ပါးစပ်ထဲတွင် မီးလုံးရောက်နေခြင်းဖြစ်ကြောင်း မီးလုံးထုတ်ပေးပြီးနောက် Chen က ဆရာဝန်များကို ပြောခဲ့သည်။

#TachileikNewsAgency

Source: SCMP, OddityCentral