ရှီကျင့်ဖျင်၏ zero - COVID မူဝါဒကို ကန့်ကွက်ဆန္ဒပြမှုများ  မြို့ကြီးများတွင် ပျံ့နှံ့နေ

ရှီကျင့်ဖျင်၏ zero - COVID မူဝါဒကို ကန့်ကွက်ဆန္ဒပြမှုများ  မြို့ကြီးများတွင် ပျံ့နှံ့နေ
By Mr John

တရုတ်နိုင်ငံတွင် အစိုးရ၏ COVID-19 ထိန်းချုပ်ရေး တင်းကျပ်သည့် Zero-COVID မူဝါဒကို ကန့်ကွက်ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားနေရာ ဆန္ဒပြမှုများမှာ အဓိက မြို့ကြီးများသို့ ပျံ့နှံ့သွားကြောင်း သိရသည်။ 



တရုတ်အစိုးရ၏ COVID-19 ကန့်သတ်ချက်များကို တတိယမြောက်နေ့အဖြစ် နိုဝင်ဘာလ (၂၈) ရက်နေ့က ကန့်ကွက်ဆန္ဒပြခဲ့ကြရာ ညပိုင်းတွင် တရုတ်စီးပွားရေးမြို့တော် ရှန်ဟိုင်း၌  ရာနှင့်ချီသည့် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ တို့ကြား ထိပ်တိုက်တွေ့မှုဖြစ်ပွားကြောင်း သိရသည်။



တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ Xinjiang နယ်မြေ Urumqi မြို့ရှိ အထပ်မြင့် လူနေအဆောက်အအုံတစ်ခုတွင် နိုဝင်ဘာလ (၂၄) ရက်နေ့က မီးလောင်မှုအတွင်း Lockdown စည်းမျဉ်းများကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးကြန့်ကြာသွားသဖြင့် လူ (၁၀) ဦး သေဆုံးခဲ့ပြီးနောက် သမ္မတရှီကျင့်ဖျင်နှင့် တရုတ်အစိုးရကို ဆန့်ကျင်ဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ 



COVID-19 စတင်ဖြစ်ပွားခဲ့ရာ ဝူဟန်မြို့ အပါအဝင် ဘေဂျင်း၊ ရှန်ဟိုင်း၊ ချင်ဒူးနှင့် အဓိကမြို့အများအပြားတွင် ဆန္ဒပြမှုများ ပျံ့နှံ့ဖြစ်ပေါ်နေခဲ့ခြင်းဖြစ်ပြီး ဘေဂျင်းနှင့် ရှန်ဟိုင်းမြို့များတွင် ဆန္ဒပြသူအချို့က တရုတ်သမ္မတရှီကျင့်ဖျင်ကို ရာထူးမှ နှုတ်ထွက်ရန်အထိ တောင်းဆိုခဲ့ကြသည်။ 



လူအစုအပြုံလိုက်ကို COVID-19 စစ်ခြင်း၊ ကွာရန်တင်းထားရှိခြင်းနှင့် ရုတ်တရက် lockdown လုပ်ခြင်းတို့ပါဝင်သည့် ရှီကျင့်ဖျင်၏ zero-COVID မူဝါဒကို ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က ထိန်းသိမ်းမှုများလည်းရှိနေပြီး ရှန်ဟိုင်းမြို့တွင်  နိုဝင်ဘာလ (၂၈) ရက်နေ့က ဆန္ဒပြသူအချို့ ထိန်းသိမ်းခံလိုက်ရသည်ဟု သိရသည်။



 ယင်းသို့ဖမ်းဆီးမှုများတွင် ရှန်ဟိုင်း၌ ဆန္ဒပြမှုများကို သတင်းရယူတင်ဆက်နေသည့် BBC သတင်းထောက်တစ်ဦးလည်း ပါဝင်သွားခဲ့သော်လည်း ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။

ရှန်ဟိုင်းမြို့တွင် ဆန္ဒပြသူများ စုရုံးကြသည့်နေရာများတွင် အတားအဆီးများ ချထားပြီး မြို့ကို လုံခြုံရေးတင်းကျပ်ထားကြောင်းလည်း သိရသည်။ 



ရှီကျင့်ဖျင် အာဏာရခဲ့ပြီးနောက်ပိုင်း ဆယ်စုနှစ်အတွင်း တရုတ်ပြည်မကြီးတွင် ယခုကဲ့သို့ ပြည်သူလူထု ကန့်ကွက်ဆန္ဒပြမှုများ အရှိန်အဟုန်ဖြင့် ပေါ်ပေါက်လာခြင်းမှာ မကြုံစဖူး အခြေအနေဖြစ်ပြီး တရုတ်နိုင်ငံတဝန်းရှိ တက္ကသိုလ်အများအပြားတွင်လည်း ကျောင်းသားများက သီတင်းပတ်ကုန်ရက်များအတွင်း စုရုံး‌ဆန္ဒပြမှုများ လုပ်ဆောင်နေကြသည်ဟု သိရသည်။



နိုဝင်ဘာလ (၂၈) ရက် နံနက်အစောပိုင်းကလည်း ဘေဂျင်းမြို့တော်တွင် အနည်းဆုံး လူ (၁,၀၀၀) ပါဝင်သည့် ဆန္ဒပြလူအုပ်စုက လမ်းမတစ်လျှောက် စုရုံးချီတက် ဆန္ဒပြခဲ့ကြပြီး လူစုခွဲရန် ငြင်းဆန်ခဲ့ကြသည်ဟု ရိုက်တာသတင်းက ဖော်ပြသည်။



တရုတ်နိုင်ငံတွင် COVID-19 တိုက်ဖျက်ရေး တင်းကျပ်သည့် အစီအမံများ ချမှတ်ဆောင်ရွက်နေသော်လည်း ကူးစက်မှုအရေအတွက်မှာ နေ့စဉ်ဆက်တိုက် စံချိန်တင် မြင့်တက်နေဆဲဖြစ်ပြီး  နိုဝင်ဘာလ (၂၈) ရက်နေ့ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံတဝန်း နိုဝင်ဘာလ (၂၇) ရက်နေ့က COVID-19 ကူးစက်သူ(၄၀,၃၄၇)ဦးအထိ စံချိန်တင်မြင့်တက်ခဲ့သည်ဟု သိရသည်။ 

Source: Reuters, BBC