ထိုင်းနိုင်ငံတွင် အသင့်စားခေါက်ဆွဲခြောက် ဈေးနှုန်းကို (၁၄) နှစ်အတွင်း ပထမဆုံးအကြိမ် တိုးမြှင့်

Photo: Good Noodle
Photo: Good Noodle
ထိုင်းနိုင်ငံတွင် အသင့်စားခေါက်ဆွဲခြောက် ဈေးနှုန်းကို (၁၄) နှစ်အတွင်း ပထမဆုံးအကြိမ် တိုးမြှင့်
သြဂုတ် 25, 2022 | နိုင်ငံတကာသတင်း
By Mr John



ထိုင်းနိုင်ငံတွင် အသင့်စား ခေါက်ဆွဲခြောက်များ၏ ဈေးနှုန်းကို မြှင့်တင်သွားမည်ဟု ကုန်သွယ်ရေးဌာနက ဩဂုတ်လ (၂၄) ရက်နေ့တွင် ပြောကြားခဲ့ပြီး (၁၄) နှစ်အတွင်း ပထမဆုံးအကြိမ် ဈေးနှုန်းမြင့်တက်မှု ဖြစ်လာကြောင်း သိရသည်။ 

ထိုင်းနိုင်ငံက ယခုနှစ်အစောပိုင်းတွင် ခရီးသွားများကို အပြည့်အဝ ပြန်လက်ခံခဲ့ပြီးနောက်ပိုင်း စီးပွားရေး ပြန်တိုးတက်မလာသေးဟု ဆိုသည်။

ထို့အပြင် (၁၄) နှစ်အတွင်း ငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံးအခြေအနေနှင့် ရုရှား-ယူကရိန်းစစ်ပွဲ၏ စီးပွားရေးအပေါ် သက်ရောက်မှုများလည်းရှိနေသည်။ 

ဘန်ကောက်တွင် အသင့်စားခေါက်ဆွဲခြောက်များကို တစ်ထုပ်လျှင် (၆) ဘတ် (မြန်မာကျပ်ငွေ ၃၅၀) အဖြစ် ဈေးနှုန်းသတ်မှတ်ထားခဲ့သော်လည်း အဓိက ထုတ်လုပ်ရေးလုပ်ငန်းများက ကုန်ကျစရိတ်များ မြင့်တက်လာမှုကြောင့် တစ်ထုပ်လျှင် (၈) ဘတ် (မြန်မာကျပ်ငွေ ၄၆၅) အဖြစ်သို့ တိုးမြှင့်သတ်မှတ်ပေးရန် အစိုးရကို တိုက်တွန်းခဲ့သည်။

ထိုင်းနိုင်ငံ ပြည်တွင်းကုန်သွယ်ရေးဌာနက ပုံမှန်အရွယ်အစား အသင့်စားခေါက်ဆွဲခြောက်ထုပ်များ၏ ဈေးနှုန်းကို တစ်ထုတ်လျှင် (၇) ဘတ် (မြန်မာကျပ်ငွေ ၄၀၀ ကျော်) အဖြစ် သတ်မှတ်တိုးမြှင့်သွားမည်ဖြစ်ပြီး ဩဂုတ်လ (၂၅) ရက်နေ့တွင် စတင်သက်ရောက်မည်ဟု AFP သတင်းဌာနကို အတည်ပြုခဲ့သည်။ 

ထိုင်းနိုင်ငံ၏ အသင့်စားခေါက်ဆွဲခြောက်ထုတ်လုပ်ရေး အဓိက လုပ်ငန်းကြီး (၅) ခုဖြစ်သည့် Wai Wai, Mama, Yam Yam, Sue Sat နှင့် Nissin တို့က ဈေးနှုန်းများ တိုးမြှင့်သတ်မှတ်ပေးရန် ကုန်သွယ်ရေးဌာနကို အရေးဆိုလျှောက်ထားခဲ့ကြပြီးနောက် ယခုကဲ့သို့ ဈေးနှုန်းတိုးမြှင့်လိုက်ခြင်း ဖြစ်သည်။

"ပြည်ပတင်ပို့ဖို့အတွက် ကုန်ဈေးနှုန်းတွေနဲ့ ဆီဈေးတက်လာတာကို ရင်ဆိုင်နေရတယ်" ဟု နာမည်ကြီး Wai Wai အမှတ်တံဆိပ် အသင့်စားခေါက်ဆွဲခြောက် ထုတ်လုပ်ရေးကုမ္ပဏီ Thai Preserved Food မှ Veera Naphaprukchart က ဆိုသည်။ 

ဂျုံဈေးနှုန်းမှာ အကြမ်းဖျင်းအားဖြင့် (၂၀) ရာခိုင်နှုန်းမှ (၃၀) ရာခိုင်နှုန်းအထိနှင့် စားအုန်းဆီဈေးနှုန်းမှာ (၂) ဆ မြင့်တက်ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

ထိုင်းနိုင်ငံတွင် အသင့်စားခေါက်ဆွဲခြောက်များ ဈေးနှုန်းကို ၂၀၀၈ ခုနှစ်က နောက်ဆုံးအကြိမ် တိုးမြှင့်ခဲ့သည်ဟု Thai Preserved Food ကုမ္ပဏီမှ Pipat Paniangvait က ပြောသည်။ 

ထုတ်လုပ်သူများ၏ ပြဿနာများတွင် ဆီနှင့်ဂျုံ ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် ပြည်ပတင်ပို့ရောင်းချရန် ကုန်ကျစရိတ်များ ပိုများလာခြင်းကလည်း အပါအဝင်ဖြစ်သည်ဟု ဆိုသည်။

"အရင်က ဈေးနှုန်းကို လွတ်လွတ်လပ်လပ် မြှင့်တင်လို့မရလို့ ဒီက အခြေအနေကို ထိန်းထားဖို့ ကျွန်တော်တို့က ထိုင်းနိုင်ငံပြင်ပမှာ ပိုရောင်းချနေခဲ့တယ်" ဟု Pipat Paniangvait က ပြောသည်။ 

ထိုင်းနိုင်ငံ ကုန်သွယ်ရေးဌာနကမူ ထုတ်လုပ်မှုကုန်ကျစရိတ်ကို ဆက်လက် စောင့်ကြည့်သွားမည်ဖြစ်ပြီး လိုအပ်သလို ဈေးနှုန်းညှိနိုင်ကြောင်း အရိပ်အမြွက် ဆိုသည်။

#TachileikNewsAgency

Source: AFP