စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာသည့် နမ္မတူမြို့ခံများ မစိုးရိမ်ကြရန်  TNLA ဗိုလ်ချုပ်တားဘုန်းကျော် သွားရောက်တွေ့ဆုံ

စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာသည့် နမ္မတူမြို့ခံများ မစိုးရိမ်ကြရန်  TNLA ဗိုလ်ချုပ်တားဘုန်းကျော် သွားရောက်တွေ့ဆုံ

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့ရှိ ဒေသခံလူထုများကို TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်က ယနေ့ ၂၀၂၄ခုနှစ် မတ်လ (၁၈)ရက်နေ့ နံနက်ပိုင်းတွင် သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

လူထုတွေ့ဆုံပွဲကို နမ္မတူမြို့ ပန်ဟိုက်ရပ်ကွက်၊ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး TNLA၏ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်အပြင် အုပ်ချုပ်ရေးဌာနမှ ဌာနမူး ဗိုလ်မှူးချုပ် တားဂူးဂျား၊ အုပ်ချုပ်ရေး ဒု-ဌာနမှုူး ဒု-ဗိုလ်မှူးကြီး တားအိုက်ကျော်နှင့် ဒေသတွင်း စစ်ဘက်ရေးရာမှ တာဝန်ရှိသူများနှင့် နမ္မတူမြို့နယ် အုပ်ချုပ်ရေးတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

လူထုတွေဆုံပွဲတွင် ဗိုလ်ချုပ်တားဘုန်းကျော်က ညီနောင်မဟာမိတ်(၃)ဖွဲ့ ဆင်နွဲခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအကြောင်းအရာများ၊ TNLA၏ ပေါ်လစီ မူဝါဒလမ်းစဥ်များ၊ နမ္မတူမြို့နယ်အတွင်း ရှေ့ဆက်ဆောင်ရွက်သွားမည့် ပညာ‌ရေး၊ ကျန်းမာရေး လုပ်ငန်းစဥ်များ၊ ဒေသဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းစဥ်များ၊ လမ်းပန်းဆက်သွယ်ရေး အခြေအနေများနှင့် ဒေသခံလူထုအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးနိုင်ရေးတို့ကို ပြောကြားခဲ့သည်ဟု သိရသည်။

TNLA အပြည့်အဝထိန်းချုပ်ထားသည့် နမ္မတူမြို့အပါအဝင် မန်တုံနှင့် နမ့်ဆန်မြို့တို့ကို စစ်ကောင်စီတပ်က ပြီးခဲ့သည့် မတ်လ (၄)ရက်နေ့က စစ်အုပ်ချုပ်ရေးကြေညာခဲ့ရာ ဒေသခံလူထုအကြား စိုးရိမ်ထိတ်လန့်မှု အခြေအနေများရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ထို့ကြောင့် ဗိုလ်ချုပ်တားဘုန်းကျော်မှ စစ်ကောင်စီတပ်၏ စစ်အုပ်ချုပ်ရေးအမိန့်နှင့်စပ်လျဥ်း၍ ဖြစ်နိုင်ဖွယ်ရာ အခြေအနေများကို အသေးစိပ် ရှင်းလင်းပြောကြားကာ စစ်ကောင်စီတပ်၏ အရပ်သားလူထုအပေါ် ပြုကျင့်လေ့ရှိသည့် စစ်ရာဇဝတ်မှုများကို ပြည်သူများအနေဖြင့် အမြဲတစေ ဂရုပြုရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်ဟု သိရသည်။

နမ္မတူမြို့တွင် ပြုလုပ်သည့် လူထုတွေ့ဆုံပွဲသို့ ဒေသခံ ရှမ်း၊ ကချင်၊ ချင်း၊ ကရင်၊ ဗမာ၊ လီဆူ၊ ဂေါ်ရခါး၊ တရုတ်နှင့် တအာင်း အစရှိသည့် လူမျိုးများနှင့် ဒေသတွင်း လူမှုကူညီရေးအသင်းအဖွဲ့များ စုစုပေါင်း လူဦးရေ(၃၀၀)ခန့် တက်ရောက်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: PSLF/TNLA News