ညောင်ခါးရှည်ရဲစခန်း ဝင်ပစ်ခံရပြီးနောက် ဒေသခံ (၄၀)ဝန်းကျင် ဖမ်းဆီး စစ်ကြောခံနေရ 

ညောင်ခါးရှည်ရဲစခန်း ဝင်ပစ်ခံရပြီးနောက် ဒေသခံ (၄၀)ဝန်းကျင် ဖမ်းဆီး စစ်ကြောခံနေရ 

 ပဲခူးတိုင်း၊ ဝေါမြို့နယ်နှင့် သနပ်ပင်မြို့နယ်အစပ်ရှိ ကျေးရွာများကို အာဏာသိမ်းစစ်ကောင်စီတပ်က ဝင်ရောက် ရှာဖွေဖမ်းဆီးနေရာ ဒေသခံ (၄၀)ဝန်းကျင် ဖမ်းဆီးခံထားရပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့၏ လက်လုပ်သေနတ်များ သိမ်းဆည်းခံရကြောင်း ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။ 

၂၀၂၃ ခုနှစ်၊ ဧပြီလ(၂၇)ရက်နေ့က ညောင်ခါးရှည်နယ်မြေရဲစခန်းကို ရဲများတန်းစီနေစဥ် ဒေသကာကွယ်ရေးတပ်များက သွားရောက်တိုက်ခိုက်ပြီးအပြန် ကူညီပေးခဲ့သူတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးရမိသွားပြီးနောက် လက်နက်များနှင့် ဒေသခံများ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

“ကူညီပေးသူက ဆိုင်ကယ်နဲ့ လိုက်ပို့ပြီးအပြန် လမ်းမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်။ အဲဒီကနေတဆင့် ကွင်းဆက်မိသွားတာပါ။ လက်နက်တွေ ဝှက်ထားတဲ့ နှစ်နေရာပါသွားတယ်။ ဒေသခံ (၃)ဦးကတော့ စစ်ကြောရေးကို ရောက်နေတယ်။ ဆုံးသွားပြီလို့လည်း ကြားတယ်။”ဟု ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက Tachileik News Agency ကို မေလ(၈)ရက်နေ့တွင် ပြောသည်။

လက်နက်မည်မျှ ဆုံးရှုံးသွားသည်ကိုမူ ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

လက်ရှိတွင် စစ်ကောင်စီတပ်များက အင်အား (၇၀)ဝန်းကျင်ဖြင့် ဝေါမြို့နယ်နှင့် သနပ်ပင်မြို့နယ်အစပ်ရှိ ညောင်ခါးရှည်၊ ဖိုးစံပယ်၊ ကတွတ်၊ ချောင်းကြိုး၊ ကျီးပင်စု၊ ကျုံပါကျေးရွာများကို ဝင်ရောက်၍ လူငယ်များကို စစ်ဆေးခြင်း၊ ညပိုင်းများတွင် သေနတ်ဖြင့် ခြောက်လန့် ပစ်ဖောက်ခြင်းများကို ပြုလုပ်နေသဖြင့် ဒေသခံ (၁၀၀)ဝန်းကျင် တိမ်းရှောင်နေကြ ရသည်ဟု သိရသည်။

“အစစ်အဆေး အရမ်းများလာလို့ တချို့က တောထဲထွက်ပြေးကြတယ်၊ တချို့က လယ်တောထဲထွက်ပြေး နေကြရတယ်။ ဖမ်းခံရသူတွေ အခုထိ ပြန်မလွတ်သေးဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဝေါမြို့နယ်၊ ညောင်ခါးရှည်နယ်မြေရဲစခန်းတွင်  ရဲများတန်းစီချိန်  ဝေါမြို့နယ် ပကဖ နှင့် ရင်း(၃၇၀၁)ပြောက်ကျားအဖွဲ့တို့ ပူးပေါင်းပြီးဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ ရဲကင်းသမားသေဆုံးပြီး လင့်စင်ပေါ်နှင့် ကတုတ် ကျင်းများရှိ ကင်းများက ပြန်လည်ပစ်ခတ်သဖြင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွါခဲ့သည်ဟု သိရသည်။

ထို့နောက် ညောင်ခါးရှည်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို ဗုံးဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ ရာ ပေါက်ကွဲခဲ့ခြင်းမရှိခဲ့ဟု သိရသည်။