ဝမ်ပေါင်ကုမ္ပဏီအား အရေးယူမည်ဟု ဆားလင်းကြီး ပအဖ သတိပေး

ဝမ်ပေါင်ကုမ္ပဏီအား အရေးယူမည်ဟု ဆားလင်းကြီး ပအဖ သတိပေး

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ရှိ တရုတ်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့် မြန်မာဝမ်ပေါင် ကုမ္ပဏီအနေဖြင့် စစ်ကောင်စီတပ်နှင့် ပူးပေါင်းလုပ်ဆောင်နေခြင်းအား ရပ်တန့်ခြင်းမရှိပါက လိုအပ်သောအရေးယူမှုများအား အဆင့်ဆင့်လုပ်ဆောင်သွားမည်ဟု ဆားလင်းကြီးမြို့ နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယမန်နေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၁၀)ရက်နေ့တွင် ထုတ်ပြန်သတိပေးသည်။

ဝမ်ပေါင်ကုမ္ပဏီသည် စစ်ကောင်စီတပ်နှင့်ပူးပေါင်းပြီး စစ်ကောင်စီတပ်များအား လက်ခံ၍ အခြေစိုက်စခန်းချခွင့်ပြုခြင်း၊ အကြမ်းဖက်စစ်တပ်အား ကုမ္ပဏီပိုင်ကားဖြင့် အကြို အပို့လုပ်ခြင်း၊ စားနပ်ရိက္ခာစီစဉ်ပေးခြင်း၊ ညပိုင်းတွင် ဝမ်ပေါင်ကုမ္ပဏီကင်းတဲများမှနေ၍ သွားလာနေသော ပြည်သူများကို ပစ်ခတ်ခြင်း၊  အနီးကျေးရွာများအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းကို ခွင့်ပြုထားသဖြင့် စစ်ကောင်စီတပ်နှင့်ပူးပေါင်း၍ စစ်ရာဇဝတ်မှုများကို အားပေးအားမြှောက်ပြုနေသည်ဟု ထုတ်ပြန်ထားသည်။

ထို့အပြင် မြန်မာဝမ်ပေါင်ကုမ္ပဏီအတွင်းမှထွက်လာသည့် စစ်ကောင်စီတပ်များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာ(၁၃)ရွာမှ နေအိမ်ပေါင်း (၄၄၄)အိမ် မီးရှို့ခံထားရပြီး ဒေသခံ(၁၇)ဦးကိုလည်း ယနေ့အချိန်ထိ ပစ်သတ်သွားသည်ဟု သိရသည်။

ဝမ်ပေါင်ကုမ္ပဏီမှ ကြေးများသယ်ယူချိန်တွင် လုံခြုံရေးယူပေးသည့် စစ်ကောင်စီတပ်သားများကြောင့် ပုသိမ်-မုံရွာလမ်းဘေးရှိ ဒေသခံများ တိမ်းရှောင်နေကြရပြီး ပြည်သူပိုင်ပစ္စည်းများ ခိုးယူဖျက်ဆီးခံရသည့်အပြင် စစ်ကြောင်းထိုးလာမည်ကို စိုးရိမ်နေကြရသည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency