ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ပြဌာန်းခွင့်ကို လက်နက်ကိုင်လမ်းစဉ်ဖြင့် တောင်းဆို၍မရဟု စစ်ခေါင်းဆောင်ပြောဆို

ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ပြဌာန်းခွင့်ကို လက်နက်ကိုင်လမ်းစဉ်ဖြင့် တောင်းဆို၍မရဟု စစ်ခေါင်းဆောင်ပြောဆို
ဇန်နဝါရီ 26, 2024 | 2021 Military Coup

ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ပြဌာန်းခွင့်ကို လက်နက်ကိုင်လမ်းစဉ်ဖြင့် တောင်းဆို၍ မရနိုင်ဘဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ဆောင်ရွက်၍ မရဟု အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောဆိုသည်။

ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂၆)ရက်နေ့တွင် ပြုလုပ်သည့် စစ်ကောင်စီ၏ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီအစည်းအဝေးတွင် ယင်းသို့ပြောဆိုလိုက်ခြင်းဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံကို ကျော်လွန်လုပ်ဆောင်၍ မရကြောင်း၊ တိုင်းပြည်ကို ၂၀၀၈ ဖွဲ့စည်းပုံနှင့်အညီ ထိန်းသိမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ပတ်သက်၍ ဆောင်ရွက်ရာတွင်လည်း နိုင်ငံရေးအရ ဆောင်ရွက်ပြီး လွှတ်တော်တွင် အတည်ပြုရန်လိုကြောင်း၊ လက်နက်ကိုင် လမ်းစဉ်ဖြင့် တောင်းဆို၍ မရကြောင်း မင်းအောင်လှိုင်က ပြောသည်။

တိုင်းနှင့် ပြည်နယ်များအလိုက် လုပ်ပိုင်ခွင့်အာဏာခွဲဝေခွင့်ပေးထားကြောင်း စစ်ကောင်စီအနေဖြင့် နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းစေရေး၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်နေသည်ဟု ဆိုသည်။

ထို့အပြင် ယခုဖြစ်ပွားနေသည့်ပြဿနာမှာ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြည်နယ်၊ ဒေသများရရှိအောင် ဥပဒေပြင်ပမှ တောင်းဆိုလာခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

လက်ရှိတွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် PDFတပ်များက ထိန်းချုပ်၊ သိမ်းပိုက်ထားနိုင်သည့် မြို့ပေါင်း(၃၃)မြို့ရှိနေကာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို ဖော်ဆောင်နေပြီဖြစ်သည်။

#TachileikNewsAgency