ရှားတောမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ဗိုလ်မှူးကြီးအပါ ၁၆၀ ကျော်သေဆုံး

ရှားတောမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ဗိုလ်မှူးကြီးအပါ ၁၆၀ ကျော်သေဆုံး
ဖေဖော်ဝါရီ 15, 2024 | 2021 Military Coup| ကယား

ကရင်နီပြည်နယ်၊ ရှားတောမြို့နှင့် ပတ်ဝန်းကျင်တွင် အခိုင်အမာတပ်ချထားသည့် စစ်ကောင်စီ၏ စခန်းကုန်းများနှင့် ဗျူဟာကုန်းတို့အား တော်လှန်ရေးတပ်များက တစ်လနီးပါးကြာ တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်၏ ဗိုလ်မှူးကြီး၊ ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူးနှင့် ဒုရဲမှူးများ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၆၀)ကျော် သေဆုံးကာ စစ်သုံ့ပန်းတချို့ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း KNDF ဗဟိုက သတင်းထုတ်ပြန်သည်။ 

ရှားတောမြို့ရှိ မြို့အဝင် စေတီကုန်းပေါ်တွင် စစ်ကောင်စီ၏ ခမရ(၄၈၂)တပ်မှ ရှေ့တန်းအထိုင်ချ၍ တပ်စွဲထားသော ဗျူဟာကုန်းစခန်းအား ဝန်းရံထားသည့် ကာကင်းစခန်းကုန်းများဖြစ်သည့် အန္တရာယ်ကွေ့စခန်းကုန်း (၂)ကုန်းအား ဇန်နဝါရီလ (၁၅)ရက်နေ့မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ (၁၇)ရက်နေ့တွင် အပြီးသတ် သိမ်းယူနိုင်ခဲ့သည်ဟု သိရသည်။

ထို့အတူ ရှားတောမြို့အဝင်ရှိ စစ်ကောင်စီ၏ ဗျူဟာကုန်းအရှေ့ရှိ ကာကင်းများကိုလည်း ဆက်လက်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ (၂၁)ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ ဗျူဟာကုန်းစခန်းအား ဝန်းရံပိတ်ဆို့ထားနိုင်ခဲ့ပြီး ဗျူဟာကုန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ၎င်းတို့၏ စခန်းဘန်ကာများ၊ ဘုရားစေတီဂူပေါက်များအတွင်း အခိုင်အမာခံစစ်ပြင်၍ တန်ပြန်တိုက်ခိုက်နေခဲ့ရသည်အထိ ပိတ်ဆို့ထားနိုင်ခဲ့သည်ဟု ဆိုသည်။ 

ဗျူဟာကုန်းအား ပိတ်ဆို့ထားချိန်တွင် ဖေဖော်ဝါရီလ (၄)ရက်နေ့၌ ခလရ (၂၄၉)တပ်ရင်းမှ အင်အား(၇၀)ကျော်ခန့်ကို ရဟတ်ယာဉ်(၃)စီးဖြင့် စစ်ကူပို့ဆောင်လာခဲ့ပြီး အဆိုပါ စစ်ကူစစ်ကြောင်းအား ဖေဖော်ဝါရီလ (၅)ရက်နေ့တွင် အပြီးသတ်တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သည်ဟု သိရသည်။

ဝန်းရံပိတ်ဆို့ခြင်းခံထားရသော စစ်ကောင်စီ၏ ဗျူဟာကုန်းစခန်းအား လက်နက်ချ၍ ဘက်ပြောင်းခိုလှုံရန် ဖိတ်ခေါ်ခဲ့သော်လည်း လက်မခံခဲ့သဖြင့် ဖေဖော်ဝါရီလ (၁၂)ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မနက်(၈)နာရီခွဲ အချိန်တွင် ဗျူဟာစခန်းကုန်းအား အပြီးသတ်ချေမှုန်းသိမ်းပိုက်၍ ရှားတောမြို့အား အလုံးစုံထိန်း ချုပ်နိုင်ခဲ့ကြောင်း သိရသည်။ 

ဇန်နဝါရီလ (၁၅)ရက်နေ့မှစတင်ခဲ့သည့် ရှားတောမြို့အား တပ်ချနေရာယူ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်သည့် ခမရ(၄၂၈)၊ ခလရ(၂၄၉)နှင့် ထောက်ပို့တပ်၊ စစ်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့များအားလုံးကို တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူးကြီး၊ ဒု-ဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဒု-ရဲမှူးများ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း(၁၆၀)ကျော် သေဆုံးကာ စစ်သုံ့ပန်းအချို့ကိုလည်း ဖမ်းဆီးရရှိခဲ့သည်ဟု သိရသည်။

ရှားတောမြို့အား အပြီးသတ်သိမ်းယူခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီထံမှ လက်နက်ငယ်(၁၂၈)လက်၊ လက်နက်ကြီးအစုံ(၁၈)လက်၊ Smoke Gun (၃)လက်၊ Jammer Gun(၁)လက်နှင့် ဆက်သွယ်ရေးစက်များ၊ ခဲယမ်းကျည်ဆံများ၊ အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ရှားတောမြို့အား သိမ်းယူခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီဖက်မှ တိုက်လေယာဉ်၊ ဂျက်ဖိုက်တာ၊ Y12 Dropများ အသုံးပြုပြီး လေကြောင်းပစ်ကူ(၂၀၅)ကြိမ်ကျော် လာရောက်တိုက်ခိုက်ခဲ့ပြီး KNDFမှ ရဲဘော်(၃)ဦးနှင့် အခြားတပ်ဖွဲ့မှ ရဲဘော်အချို့ ကျဆုံးခဲ့ရသည်ဟု သိရသည်။

ရှားတောမြို့ရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို KA၊ KNDFနှင့် Loikaw PDFတို့ပူးပေါင်း၍ တစ်လနီးပါးကြာ တိုက်ခိုက်ခဲ့ပြီးသည့်နောက် ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency

Photo: KNDF