မုန်းမြို့အတွင်း စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်နေသဖြင့် အရပ်သား ထိခိုက်သေဆုံးသူရှိနေ

မုန်းမြို့အတွင်း စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်နေသဖြင့် အရပ်သား ထိခိုက်သေဆုံးသူရှိနေ

ပဲခူးတိုင်း မုန်းမြို့တွင် တော်လှန်ရေးတပ်များ ပြန်လည်ဆုတ်ခွာသွားပြီးနောက် စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်နေသဖြင့် အရပ်သားများ ထိခိုက်သေဆုံးသူရှိပြီး ဖမ်းဆီးခံရသူများလည်းရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်၏ ခမရ(၅၉၉)၊ ခမရ(၅၉၀)၊ မုန်းမြို့မရဲစခန်းနှင့် တံတားထိပ်ဂိတ်စခန်းတို့အား ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်(KNLA)လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂) ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီး ယနေ့ ဒီဇင်ဘာလ (၄)ရက်နေ့ ညနေပိုင်းတွင် စခန်းအားလုံး သိမ်းပိုက်ခဲ့သည်။ 

ထို့နောက် စစ်ကောင်စီတပ်က မြို့အား လေကြောင်းမှ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်သဖြင့် အရပ်သားများ ပိတ်မိနေခြင်း၊ ထိခိုက်သေဆုံးခြင်းများကြောင့် ပြန်လည်ဆုတ်ခွာသွားရာ စစ်ကောင်စီတပ်က ပြန်လည်ဝင်ရောက်၍ မြို့အတွင်း ရမ်းသမ်းပစ်ခတ်နေခြင်းဖြစ်သည်ဟု သိရသည်။

"မုန်းမှာ ပြည်သူတွေပိတ်မိနေတုန်း ချောင်းဘေးက ရပ်ကွက်ကတော့ ချောင်းကူးပြီး တခြားရွာရှောင်ကြတယ်။ လက်နက်ကြီးကျလို့ သေတဲ့လူရှိတယ်။ အလောင်းမကောက်ရဲဘူး။ အိမ်ပေါ်ကျလို့ ဒဏ်ရာရတဲ့လူလည်းရှိတယ်။ အိမ်ပြင်မထွက်ရဲဘူး။ လေယာဉ်နဲ့ ဗုံးကြဲနေတုန်း။"ဟု မုန်းမြို့ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

မုန်းမြို့သို့ စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ လက်နက်ချ အညံ့ခံခြင်းများလည်းရှိကာ စစ်ကောင်စီတပ်က မြို့အတွင်း ပစ်ခတ်ဖမ်းဆီးနေသဖြင့် ဖမ်းဆီးခံရသည့် အရပ်သားများလည်းရှိသည်ဟု ဆိုသည်။

"ထမင်းတောင် ချက်မစားရဲ။ မဲမဲမြင်ရာ အကုန်ပစ်နေတယ်။ တော်လှန်ရေးတပ်တွေက ဆုတ်သွားတယ်။ မြို့ကိုလေယာဉ်နဲ့ဗုံးကြဲနေလို့။ လေယာဉ်နဲ့ဗုံးကြဲလို့ သေတဲ့လူရှိတယ်။ အပျက်အစီးဘယ်လောက်ရှိလဲ၊ သေဆုံးဒဏ်ရာရ စာရင်းလဲသေချာမသိဘူး။ အပြင်လည်းထွက်မရဘူး။"ဟု ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့က မုန်းမြို့တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)ထံ လက်နက်ချအညံ့ခံခဲ့သော စစ်ကောင်စီတပ်သားများနှင့် မိသားစုဝင်များ၏ ဓာတ်ပုံကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီဘက်ကမူ တော်လှန်ရေးတပ်များ သိမ်းပိုက်ပြီးနောက် ပြန်လည်စွန့်ခွာသွားသည့် နယ်မြေခံတပ်ရင်းအား ပြန်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်လာသည်။

#TachileikNewsAgency