မွေတော်ဘုရားကုန်းတွင် စစ်ကောင်စီတပ်က လက်နက်ကြီးအထိုင်ချပြီး ဆီဆိုင်မြို့ကိုပစ်ခတ်ဖျက်ဆီးနေ

မွေတော်ဘုရားကုန်းတွင် စစ်ကောင်စီတပ်က လက်နက်ကြီးအထိုင်ချပြီး ဆီဆိုင်မြို့ကိုပစ်ခတ်ဖျက်ဆီးနေ

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် ကျောက္ကဆျားကျေးရွာအနီးကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခဲ့သည့်အပြင် ဆီဆိုင်မြို့ မွေတော်ဘုရားကုန်းတွင် လက်နက်ကြီးအထိုင်ချပြီး မြို့ကိုပစ်ခတ် ဖျက်ဆီးနေကြောင်း PNLA ထံမှ သိရသည်။

၂၀၂၄ ခုနှစ် မတ်လ (၁၃)ရက်နေ့က စစ်ကောင်စီသည် MI 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ ကျောက္ကဆျားကျေးရွာအနီးသို့ လာရောက်ပစ်ခတ်သွားကြောင်း သိရသည်။

ပစ်ခတ်မှုကြောင့် ကျေးရွာအတွင်းရှိ ဒေသခံပြည်သူအချို့မှာ  တောတောင်အတွင်းသို့ ထပ်မံထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်နက်ကြီးများဖြင့်လည်း မဲနယ်တောင်ဒေသကို အကြိမ်(၆၀)ကျော် ဆက်လက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ယမန်နေ့တွင်ပင် ဆီဆိုင်မြို့အတွင်းကိုလည်း စစ်ကောင်စီသည် သံချပ်ကာကားများ၊ တင့်ကားများအသုံးပြုပြီး စစ်ကြောင်းထိုးလာသဖြင့် မြို့မြောက်ဘက်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်ခဲ့သည်ဟု သိရသည်။

ထို့အပြင် စစ်ကောင်စီသည် ဆီဆိုင်မြို့ အရှေ့မြောက်ဘက်တွင်ရှိသည့် မွေတော်ဘုရားကုန်းတွင်လည်း လက်နက်ကြီးများ အထိုင်ချကာ အကြိမ်(၁၀၀)ကျော်  မြို့ကိုပစ်ခတ် ဖျက်ဆီးခဲ့ကြောင်း သိရသည်။

မွေတော်ဘုရားကုန်းအနီးရှိ ပြည်သူလူထု၏ နေအိမ်များကိုလည်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ကောင်စီသည် ဘာသာရေးအဆောက်အဦးများ၊ ဆေးရုံများတွင် တပ်စွဲပြီး မြို့တွင်းသို့ လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်ဖျက်ဆီးနေသည်ဟု သိရသည်။

ယမန်နေ့တွင်ပင် ဆီဆိုင်မြို့ အနောက်ဘက် တနေရာတွင်လည်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)နှင့် စစ်ကောင်စီစစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က အရပ်သားကားများကိုချောဆွဲကာ ဒဏ်ရာရသူများကိုသယ်ဆောင်၍ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

#TachileikNewsAgency

Photo: PNLA News & Info