တာချီလိတ် NLD ပါတီဝင်တစ်ဦးကို PDF အင်အားစုဆောင်းသူဟု ဆိုကာ စစ်တပ်က ဖမ်းဆီး

တာချီလိတ် NLD ပါတီဝင်တစ်ဦးကို PDF အင်အားစုဆောင်းသူဟု ဆိုကာ စစ်တပ်က ဖမ်းဆီး
ဒီဇင်ဘာ 14, 2023 | 2021 Military Coup| ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ပါတီဝင်တစ်ဦးကို PDF အင်အား စုဆောင်းသည်ဟုဆိုကာ ဖမ်းဆီးထားကြောင်းနှင့် တာချီလိတ်မြို့တွင် ၎င်းအပြင် ဖမ်းဆီးမှုများ ခပ်စိပ်စိပ်ဖြစ်ပွားနေကြောင်း သိရသည်။

တာချီလိတ်မြို့၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)  ပါတီဝင်တစ်ဦးဖြစ်သူ ကိုသက်မိုးထွေး(ခ)မောင်ထွေးအား ၎င်း၏ နေအိမ်၌ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ(၁၀)ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီတပ်နှင့်အဖွဲ့တို့ ရောက်ရှိလာကာ ဖမ်းဆီးပြီး စစ်ကြောရေးများပြုလုပ်ပြီးနောက် ဒီဇင်ဘာလ(၁၃)ရက်နေ့၌ တာချီလိတ်မြို့မရဲစခန်းသို့ လွှဲပြောင်းလိုက်ကြောင်း သိရသည်၊။

ကိုသက်မိုးထွေး(ခ)မောင်ထွေး အပြင်  ရန်အောင်မြေရပ်ကွက်တွင် နေထိုင်သူ အသက်(၂၀)ဝန်းကျင်ရှိ ကိုထွန်းပြည့်အောင် ဆိုသူလည်း ဖမ်းဆီးခံရကြောင်း သိရသည်။

ယင်းအပြင် ဒီဇင်ဘာလ(၁၃)ရက်နေ့ ညပိုင်းကလည်း တာချီလိတ် မိုးကုတ်ဝိပဿနာ တရားရိပ်သာအနီးရှိ ဘုန်းကြီးကျောင်း တစ်ကျောင်းမှ လူငယ်(၄)ဦးကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားကာ စစ်ကြောရေး ပြုလုပ်နေကြောင်းလည်း သိရသည်။

၂၀၂၃ခုနှစ် နိုဝင်ဘာလအတွင်းက စပြီး တာချီလိတ်မြို့တွင် ဧည့်စာရင်းစစ်ဆေးရင်း ဖုန်းများယူစစ်ကာ ပုဒ်မ ၅၀၅-ကဖြင့် ဖမ်းဆီးခံရသူများရှိနေပြီး  လွတ်ငြိမ်းဖြင့် ပြန်လည်လွတ်မြောက်ထားသည့် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD မှ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့် ကိုလည်း စောင့်ကြည့်နေလျှက်ရှိသလို  NLD  ပါတီဝင် အမာခံများနှင့်အချို့ကိုလည်း စရဖ နှင့် ရဲတပ်ဖွဲ့ သတိထား စောင့်ကြည့်နေလျှက်ရှိကြောင်းလည်း သိရသည်။