အရှုံးသမားကောင်းပီသအောင်ကြိုးစားရန် စစ်ကောင်စီကို AA စစ်ဦးစီးချုပ်တိုက်တွန်း

အရှုံးသမားကောင်းပီသအောင်ကြိုးစားရန် စစ်ကောင်စီကို AA စစ်ဦးစီးချုပ်တိုက်တွန်း
ဖေဖော်ဝါရီ 26, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ရှုံးနေသည့် စစ်ကောင်စီတပ်ကို အရှုံးသမားကောင်းပီသအောင်ကြိုးစားရန် ရက္ခိုင့်တပ်တော်(AA)စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ယနေ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၂၆)ရက်နေ့တွင် ပြောဆိုလိုက်သည်။

တပ်အချင်းချင်းတိုက်မနိုင်၍ လက်နက်မရှိသည့် အပြစ်မဲ့လူငယ်များကို ဖမ်းဆီးသတ်ဖြတ် ညစ်လုံးမျိုးစုံဖြင့် ဆက်၍လက်နက်အားကိုး မိုက်တွင်းနက်နေဦးမည်ဆိုပါက "မင်းတို့ရဲ့ ဂုဏ်သိက္ခာကို ထည့်သွင်းမစဉ်းစားရင်တောင် ခင်ဗျားတို့ရဲ့ရှင်ကျန်ခဲ့မယ့် သား၊ သမီးမြေးမြစ်တွေအတွက် သိက္ခာနည်းနည်း ချန်ထားခဲ့သင့်ပါတယ်။"ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာ တွစ်တာတွင် ရေးသားထားသည်။

"ဦးမအလနဲ့ ဗခကများခမျာ ခင်ဗျားတို့ရဲ့ စစ်ပညာနဲ့ကြိုးစားမှုကို လေးစားပါတယ်။ ဒါပယ်မဲ့ လူကြီးမင်းတို့က သေချာပေါက်ရှုံးနေပြီဖြစ်လို့ အရှုံးသမားကောင်းပီသအောင်ကြိုးစားခြင်းကသာ သင်တို့ရဲ့တစ်ခုတည်းသော အကောင်းဆုံးရွေးချယ်စရာ ဖြစ်ပါလိမ့်မည်" ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရေးသားထားသည်။

ရခိုင်ပြည်နယ်တွင် စစ်ရှုံးနေပြီး ရက္ခိုင့်တပ်တော်က မြို့(၇)မြို့ကို ထိန်းချုပ်ကာ စစ်ကောင်စီတပ်စခန်းများစွာကို သိမ်းပိုက်ပြီးချိန်တွင် စစ်ကောင်စီတပ်က ရခိုင်လူငယ်၊ လူရွယ်များအား မတရားဖမ်းဆီးလာခြင်းဖြစ်သည်။

လက်ရှိတွင်လည်း ရခိုင်ပြည်နယ်ရှိ စစ်ကောင်စီတပ်စခန်းများအား ရက္ခိုင့်တပ်တော်က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်သားများအား လက်နက်ချအညံ့ခံရန် တိုက်တွန်းထားသည်။

#TachileikNewsAgency