ချက်အထက်လွှတ်တော် ဒုတိယဥက္ကဌ၊ ကာကွယ်‌ရေးနှင့် လုံခြုံရေးကောင်စီဥက္ကဌတို့နှင့် ဝန်ကြီးဒေါ်ဇင်မာအောင်အဖွဲ့ တွေ့ဆုံ

ချက်အထက်လွှတ်တော် ဒုတိယဥက္ကဌ၊ ကာကွယ်‌ရေးနှင့် လုံခြုံရေးကောင်စီဥက္ကဌတို့နှင့် ဝန်ကြီးဒေါ်ဇင်မာအောင်အဖွဲ့ တွေ့ဆုံ
အောက်တိုဘာ 17, 2023 | 2021 Military Coup| အခြားဒေသများ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်အဖွဲ့သည် ချက်သမ္မတနိုင်ငံ အထက်လွှတ်တော် ဒုတိယဥက္ကဋ္ဌအပြင် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဥက္ကဌတို့နှင့် ယမန်နေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၁၆)ရက်နေ့က တွေ့ဆုံခဲ့ကြောင်း NUG  ကသတင်းထုတ်ပြန်သည်။ 

ချက်သမ္မတနိုင်ငံ အထက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ Jiří Oberfalzer၊ အထက်လွှတ်တော် နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ Pavel Fischerတို့နှင့် ချက်သမ္မတနိုင်ငံ အထက်လွှတ်တော်၌ တွေ့ဆုံခဲ့ပြီး အကြမ်းဖက်စစ်အုပ်စု၏ အကြမ်းဖက်မှုများနှင့် ရင်ဆိုင်နေရသည့် ပြည်သူများအား ထိရောက်စွာ အကာအကွယ်ပေးနိုင်ရေးအတွက် လက်တွေ့ကျသည့် ဆောင်ရွက်မှုများ ဆောင်ရွက်နိုင်ရေးကိစ္စများကို ဆွေးနွေးခဲ့သည်ဟု သိရသည်။

ထို့အပြင် လူသားချင်းစာနာထောက်ထားမှုများ ပေးအပ်နိုင်ရေး၊ မြန်မာ့အရေး ဥရောပပါလီမန်နှင့် ဥရောပသမဂ္ဂအတွင်း ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်ဟုလည်း သိရသည်။

ပြည်ထောင်စုဝန်ကြီးသည် ခရီးစဉ်အတွင်း NUCC၊ NUGနှင့် မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များအကြား ကြိုတင်ညှိနှိုင်း သဘောတူချက်ရယူထားသည့်  ဥရောပသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများသို့ မေတ္တာရပ်ခံစာကိုလည်း ပေးအပ်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo : Ministry of Foreign Affairs - Myanmar - NUG