လောင်းကစားဂိမ်းခုံများနှင့် KTV များ ဖွင့်လှစ်နေသည့် တောင်ကြီးမြို့တွင် စားသောက်ဆိုင်နှင့် ကုန်စုံဆိုင်များကို အချိန်သတ်မှတ်ချက်ဖြင့်သာ ဖွင့်ရန် စည်ပင်က စာထုတ်အသိပေး

လောင်းကစားဂိမ်းခုံများနှင့် KTV များ ဖွင့်လှစ်နေသည့် တောင်ကြီးမြို့တွင် စားသောက်ဆိုင်နှင့် ကုန်စုံဆိုင်များကို အချိန်သတ်မှတ်ချက်ဖြင့်သာ ဖွင့်ရန် စည်ပင်က စာထုတ်အသိပေး
အောက်တိုဘာ 5, 2021 | Covid-19| ရှမ်းတောင်

တောင်ကြီးမြို့တွင် ဒေသအာဏာပိုင်းများက လောင်းကစား ဂိမ်းခုံ နှင့် KTV အချို့ကို ဖွင့်လှစ်ခွင့်ပေးထားသော်လည်း စားသောက်ဆိုင်များနှင့် ကုန်စုံဆိုင်များကို သတ်မှတ်အချိန်များအတိုင်းတာ ဖွင့်လှစ်ရောင်းချရေးကို လိုက်နာကြရန် တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနက အောက်တိုဘာလ(၄)ရက်နေ့ ရက်စွဲဖြင့် အသိပေးထားကြောင်း သိရသည်။

KTV တွေ၊ လောင်းကစား ငါးဂိမ်းဆိုင်တွေကို ပေးဖွင့်ထားပြီး ဆော့တဲ့သူတွေများနေတာကြတော့ မတားမြစ်ဘဲ မသိသလိုနေနေတယ်၊ သမာအာဇီဝါလုပ်ငန်းတွေကိုတော့ ကိုဗစ် အကြောင်းပြပြီး စည်ပင်က လိုက်ကန့်သတ်နေတယ်။ ပိတ်ထားရတဲ့ ကုန်စုံဆိုင်တွေလို ဆိုင်ခန်းလစာပေးဖို့တောင် ခက်နေကြပြီ

ဟု တောင်ကြီးဒေသခံ တစ်ဦးက Tachileik News Agency သို့ အောက်တိုဘာလ(၅)ရက်နေ့တွင် ပြောသည်။

ရှမ်းပြည်နယ်အတွင်း ည(၈)နာရီမှ နံနက်(၄)နာရီအတွင်း ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားသော်လည်း တောင်ကြီးမြို့တွင် ညပိုင်းများ၌ KTV အချို့ ပြန်လည်ဖွင့်လှစ်နေသလို လောင်းကစားနေရာများလည်း ဖွင့်လှစ်ထားနေကြောင်း သိရသည်။