ဆိုင်းတောင်ရဲကင်းစခန်းမှ စစ်ကောင်စီတပ်သားတချို့  အလံဖြူထောင်လက်နက်ချ၊ ဗိုလ်မှူးတစ်ဦးက လက် နက်ချအညံ့မခံသဖြင့် လက်နက်ချရန်ပြောဆိုနေရပြီး ဇော်မင်းထွန်း၏တူ ခမရ ၁၁၉ တပ်ရင်းမှူး သက်ပိုင်ထွန်း သေနတ်မှန်ထား 

ဆိုင်းတောင်ရဲကင်းစခန်းမှ စစ်ကောင်စီတပ်သားတချို့  အလံဖြူထောင်လက်နက်ချ၊ ဗိုလ်မှူးတစ်ဦးက လက် နက်ချအညံ့မခံသဖြင့် လက်နက်ချရန်ပြောဆိုနေရပြီး ဇော်မင်းထွန်း၏တူ ခမရ ၁၁၉ တပ်ရင်းမှူး သက်ပိုင်ထွန်း သေနတ်မှန်ထား 

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ရှိ စစ်ကောင်စီတပ်၏ ရဲတပ်ရင်းမှ စစ်ကောင်စီတပ်သားများ ယမန်နေ့က အလံ ဖြူထောင်ကာ လက်နက်ချနေပြီဖြစ်သော်လည်း ဗိုလ်မှူးတစ်ဦးက လက်နက်ချအညံ့မခံလိုဘဲ ခုခံနေဆဲဖြစ်နေဖြစ်သဖြင့် ယနေ့ ၂၀၂၄ခုနှစ် မတ်လ(၁၄)ရက်နေ့တွင် လက်နက်ချအညံ့ခံရန် ပြောဆိုနေရကြောင်း KPDF တပ်ရင်းထံမှ သိရသည်။

အဆိုပါစခန်းတွင် တာမခန်ရွာရှိ စစ်ကောင်စီတပ်စခန်း ခမရ(၁၁၉)အား တိုက်ခိုက်သိမ်းပိုက်စဉ် ထွက်ပြေးသွားသည့် စစ်ကောင်စီ၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်း၏ တူဖြစ်သူ တပ်ရင်းမှူးသက်ပိုင်ထွန်းနှင့် အဖွဲ့လည်းရှိနေပြီး KIA ပူးပေါင်း PDF တပ်များက ဝိုင်းဝန်းပိတ်ဆို့ကာ လက်နက်ချအညံ့ခံရန် ပြောဆိုနေသည်ဟု သိရသည်။

“တချို့တဝက်က ထွက်ပြေးတယ်။ တချို့တဝက်ကတော့ အလံဖြူတောင်ပြီး ထွက်သွားဖို့တောင်းဆိုတယ်။ ကျွန်တော်တို့ကလည်း အလံဖြူထောင်ဖို့ တောင်းဆိုနေတယ်။ ကျွန်တော်တို့ဘက်က မနေ့ကညပိုင်းကတော့ ထွက်သွားခွင့်ပြုလိုက်တယ်။ ကားတွေနဲ့ထွက်သွားတယ်။ ဘယ်နှစ်စီးလဲမသိရဘူး။ အခုလဲ အညံ့ခံအလင်းဝင်ဖို့အတွက်တောင်းဆိုနေတယ်။ စခန်းထဲအခုထိ ဝင်လို့မရသေးဘူး။ 2 IC ဆိုတဲ့ကောင်တစ်ယောက်က မာနေလို့ ထွက်မလာသေးလို့ အဲဒီကောင်ထွက်လာဖို့ တောင်းဆိုနေတာ။”ဟု KPDF တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

လက်ရှိတွင် လက်နက်မချသည့် စစ်ကောင်စီတပ်သားများကို ဖမ်းဆီးရရှိထားပြီး အမြင့်ဆုံးအရာရှိအဖြစ် ဗိုလ်ကြီးအဆင့်များပါဝင်ကာ လက်နက်ခဲယမ်းများတွင်လည်း ငါးကြင်းမြှီးလက်နက်များအပါအဝင် လက်နက်မျိုးစုံနှင့် ကားများကို သိမ်းဆည်းရရှိထားသည်ဟု ဆိုသည်။

“ပြည်သူကိုငှဲ့ဖို့အတွက် အကောင်းဆုံးလာပြီးတော့မှ ကြိုနေပါတယ်။ အညံ့ခံဖို့ပါ။ ဆိုင်းတောင်ရဲကင်းစခန်းထဲမှာဘဲ (၁၁၉)က ထွက်ပြေးလာတဲ့အဖွဲ့တွေလည်း ပေါင်းနေတာဆိုတော့လေ။ ဆိုင်းတောင်မှာ အဲဒီတစ်ကုန်းပဲရှိတော့တာ။ လောလောဆယ် အထဲမှာ 2 IC ရှိတယ်။ ဇော်မင်းထွန်းရဲ့တူ သေနတ်ထိထားတယ်။ တပ်ရင်းမှူး သက်ပိုင်ထွန်းဆိုတဲ့ကောင် ထိထားတယ်။ သေပြီလို့လည်းကြားတယ်။ ထိတာတော့ ထိထားတယ်။ ဒါကြောင့်လေယာဉ်တွေနဲ့ လာပစ်နေတယ်။”ဟု ၎င်းကဆက်ပြောသည်။

ဇော်မင်းထွန်း၏ တူဖြစ်သူ တပ်ရင်းမှူးသက်ပိုင်ထွန်းသည် ခမရ(၁၁၉)မှထွက်ပြေးကာ ဆိုင်းတောင်ရဲကင်းစခန်းသို့ လာပေါင်းစဉ် ၂၀၂၄ခုနှစ် မတ်လ (၁၁)ရက်နေ့ နံနက်ပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်များက RPGဖြင့် ပစ်ခတ်ရာ ကားနှစ်စီးနှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းနိုင်ခဲ့သည်။

“မနေ့က ညနေပိုင်း သူတို့(စစ်ကောင်စီ)စစ်ကားထွက်လာလို့ ဆိုင်တွေအကုန်ပိတ်ပြီး လူတွေအပြင်တောင်မထွက်ကြဘူး။ စစ်ကောင်စီတပ်သားတွေ မနေ့ညနေလောက်က ကားတွေနဲ့ထွက်သွားတာတွေ့တယ်။”ဟု ဆိုင်းတောင်မှ ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

တာမခန်ကျေးရွာရှိ စစ်ကောင်စီတပ်၏ ခမရ(၁၁၉)တပ်စခန်းကို KIA ပူးပေါင်းတပ်များက ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၆)ရက်နေ့တွင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် မတ်လ(၉)ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ကာ အဆိုပါ တပ်စခန်းအတွင်းမှ ခမရ(၁၁၉)တပ်ရင်းမှူး သက်ပိုင်ထွန်းအဖွဲ့က ဆိုင်းတောင်ရဲကင်းစခန်းနှင့် သွားပေါင်းနေခြင်းဖြစ်သည်။

#TachileikNewsAgency