ချောင်းဦးမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင်နှစ်ဦး ပစ်ခတ်ခံရကာသေဆုံးပြီး PDF တပ်များက လက်နက်နှစ်လက် သိမ်းဆည်းရရှိ 

ချောင်းဦးမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင်နှစ်ဦး ပစ်ခတ်ခံရကာသေဆုံးပြီး PDF တပ်များက လက်နက်နှစ်လက် သိမ်းဆည်းရရှိ 
အောက်တိုဘာ 20, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ကံဇီးရွာပျူစောထီးစခန်းမှ ထွက်လာသော စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် (၂)ဦးကို ယမန်နေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၁၉)ရက်နေ့ နံနက်ပိုင်းတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့ရာ (၂)ဦးလုံးသေဆုံးကာ လက်နက်များလည်း သိမ်းဆည်းရရှိခဲ့ကြောင်း မုံရွာခရိုင် အမှတ်(၅)တပ်ရင်း A.S.Fထံမှ သိရသည်။

ကံဇီးပျူရွာမှထွက်လာသော ရဲ(၂)ဦးအား ဒေသကာကွယ်ရေးတပ်ဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့ရာ တစ်ဦးမှာ နေရာတွင်ပင် သေဆုံးသွားပြီး ကျန်တစ်ဦးမှာ ဒဏ်ရာအပြင်းထန်ရရှိသဖြင့် အရှင်ဖမ်းဆီးရမိခဲ့ပြီးနောက် ရရှိသောဒဏ်ရာကြောင့် ထပ်မံသေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသော ရဲတပ်ဖွဲ့ဝင်များမှာ ရဲတပ်ရင်း(၂၆)မှ ရဲတပ်သား ထွန်းကျော်စွာ(ခ)ထွန်းထွန်းနှင့် ရဲတပ်သား အောင်ဆန်းမြင့်တို့ဖြစ်ကြောင်းသိရပြီး ၎င်းတို့ထံမှ G3 (၂)လက်၊ ကျည်အိမ်(၅)ခု၊ ၇.၆၂ ကျည်အတောင့်(၁၅၀‌)၊ ကျည်ကာအင်္ကျီတစ်ထည်၊ လက်ကိုင်ဖုန်းတစ်လုံး၊ ဆိုင်ကယ်တစ်စီး၊ ဘေးလွယ်အိတ်တစ်လုံး၊ ဓားရှည်တစ်လက်နှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ 

၎င်းတိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း(၅) Aung San Force A.S.F၊ မုံရွာခရိုင်တပ်ရင်း(၇)၊ မုံရွာခရိုင်တပ်ရင်း(၂၅)သံမဏိ Force MPDF၊ မုံရွာခရိုင်တပ်ရင်း(၂၈)တို့နှင့်အတူ We Must Win မီးတောက်တပ်ခွဲ(၄)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မုံရွာခရိုင် အမှတ် ၅ တပ်ရင်း - Aung San Forceသည် စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေသဖြင့် အရေးပေါ် လိုအပ်နေသော လက်နက်ခဲယမ်းများအား ကူညီပါဝင်အားဖြည့်ပေးကြရန်နှင့်  ရန်သူ့တပ်စခန်းများရှိရာနေရာများကို အတတ်နိုင်ဆုံး ရှောင်ရှားသွားလာပေးကြရန်လည်း တိုက်တွန်းထားသည်။

#TachileikNewsAgency

Photo : မုံရွာခရိုင် အမှတ် ၅ တပ်ရင်း A.S.F