မိုးမောက်၊ ဝိုင်းမော်၊ တနိုင်းမြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်း ၄ ခုကို သုံးရက်အတွင်း KIA သိမ်းပိုက်

မိုးမောက်၊ ဝိုင်းမော်၊ တနိုင်းမြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်း ၄ ခုကို သုံးရက်အတွင်း KIA သိမ်းပိုက်

ကချင်ပြည်နယ် မိုးမောက်၊ ဝိုင်းမော်နှင့် တနိုင်းမြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်း (၄)ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က (၃)ရက်အတွင်း တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရသည်။

မိုးမောက်မြို့နယ် အလော့ဘွမ်အောက်ရှိ ခမရ(၄၃၈)တပ်ရင်းမှ စစ်ကောင်စီတပ်သားများ တပ်စွဲထားသည့် ရှန်တုန်ဘွမ်စခန်းကို သိမ်းပိုက်နိုင်ခဲ့သည်ဟု KIAနှင့် နီးစပ်သူများထံမှ သိရသည်။

ရှန်တုန်တောင်တပ်စခန်းသည် အလော့တောင်နှင့် ဆက်စပ်နေပြီး စစ်ကောင်စီတပ် အင်အား(၂၀၀)ခန့်ဖြင့် တပ်စွဲထားသည့် စခန်းဖြစ်သည်။

မတ်လ(၁၉)ရက်နေ့တွင်  ၀ိုင်းမော်မြို့နယ်၊ ဝူလော့ကောင်တောင်ရှိ စစ်ကောင်စီတပ်၏ ခမရ(၃၈၇)တပ်စခန်းနှင့် ပွိုင့်(၆၆၆၇)တောင်ကုန်းရှိ ခမရ (၃၂၁)တပ်စခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

မတ်လ(၁၈)ရက်နေ့တွင် တနိုင်းမြို့နယ်ရှိ စစ်ကောင်စီတပ် ခလရ (၂၉၇)တပ်ရင်း၏ နမ်ကောန်ရွှေမှော်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အဆိုပါတိုက်ပွဲများတွင် စစ်ကောင်စီတပ်သား အများအပြား သေဆုံးသည်ဟု သိရသည်။

KIA ပူးပေါင်းတပ်များသည် မတ်လ(၇)ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်တိုက်ခိုက်နေရာ ယနေ့ မတ်လ (၂၀)ရက်နေ့အထိ  စစ်ကောင်စီတပ်စခန်း(၃၀)ကျော်ကို သိမ်းပိုက်ရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency