မြဝတီတွင် အရပ်သားအများအပြား ထိုင်းဘက်ကူးခွင့်မရသေးဘဲ နယ်စပ်ကမ်းနားတလျှောက် စစ်ရှောင်နေရ

မြဝတီတွင် အရပ်သားအများအပြား ထိုင်းဘက်ကူးခွင့်မရသေးဘဲ နယ်စပ်ကမ်းနားတလျှောက် စစ်ရှောင်နေရ

မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့ အမှတ်(၂)ချစ်ကြည်ရေးတံတားအနီးတွင် ယမန်နေ့ကတည်းကစတင်သည့်တိုက်ပွဲမှာ ၂၀၂၄ ခုနှစ် ဧပြီလ (၂၀)ရက်နေ့အထိ ဆက်လက်ပြင်းထန်နေကာ လေကြောင်းမှ တိုက်ခိုက်နေသဖြင့် အရပ်သားများမှာ နယ်စပ်ကမ်းတလျှောက် စစ်ရှောင်နေရပြီး တစ်ဖက်ထိုင်းနိုင်ငံကို ဖြတ်ကူးခွင့်ရရန် စောင့်ဆိုင်းနေကြကြောင်း သိရသည်။

"မနက်အစောပိုင်းက လူတွေကူးသွားကြတာတော့ ဟိုဖက်ရောက်သွားကြပြီ။ ကျမတို့က ကမ်းနားဘက်ထွက်လို့ရတာ နောက်ကျသွားတယ်။ ထိုင်းစစ်တပ်က ကူးခွင့်မပေးသေးလို့ ခုထိတော့ ကူးလို့မရသေးဘူး။ ကလေးနဲ့ဆိုတော့ ပြေးရလွှားရတာမလွယ်ဘူး။ လေယာဉ်ကလည်း ဗုံးကြဲတာ တောက်လျှောက်ပဲ။ အသံအကျယ်ကြီး ကြောက်စရာကောင်းတယ်။ ဟိုဖက်ပဲ ကူးချင်တယ်။ ဟိုဖက်က ကူးခွင့်မပေးသေးလို့ ဒီဘက်ကမ်းမှာစောင့်နေရတုန်းပဲ"ဟု စစ်ရှောင်တစ်ဦးက Tachileik News Agency ကို ပြောသည်။

မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ် (၁)ကို ဖွင့်လှစ်ထားဆဲဖြစ်သော်လည်း ဖြတ်သန်းခွင့်လက်မှတ်လိုအပ်သဖြင့် တိုက်ပွဲရှောင်ကြရမည့် အရပ်သားများမှာ သောင်ရင်းမြစ်ကိုဖြတ်ကူးကာ တစ်ဖက်ထိုင်းနိုင်ငံသို့ တိမ်းရှောင်နေကြရခြင်းဖြစ်ကြောင်း သိရသည်။

"တံတားလက်မှတ်ရှိတဲ့သူတွေကတော့ တံတားက ကူးဖို့လုပ်ကြတာပဲ။ တံတားမှာလည်း ထိုင်းတစ်ချို့တောင် ဟိုဖက်ပြန်ဝင်တာ အချိန်တော်တော်ကြာတယ်ကြားတယ်။ အခြေအနေသိပ်မကောင်းဘူးလေ။ ကမ်းနားပဲ ပြေးရတာပဲ။ လေယာဉ်က တောက်လျှောက်ကို ဗုံးကြဲနေတာ။ မြို့ထဲဘက်တော့ အခြေအနေမဆိုးဘူးပြောကြတယ်။ တိုက်ပွဲနဲ့ဝေးတဲ့နေရာကလူတွေတော့ မပြေးကြဘူးထင်တာပဲ။"ဟု မြဝတီဒေသခံတစ်ဦးက ဆိုသည်။

ထိုင်းနိုင်ငံ မဲဆောက်ဘက်တွင် မြဝတီဘက်မှ မြန်မာစစ်ရှောင် (၂၀၀)ကျော် ဧပြီလ (၂၀)ရက်နေ့ နံနက်ပိုင်းတွင် ရောက်ရှိသွားကြပြီးနောက် နေ့လယ်ပိုင်းတွင် ကမ်းကူးခွင့်မရကြသဖြင့် စစ်ရှောင်များ မြန်မာဘက်ကမ်းတွင် စောင့်ဆိုင်းနေကြရခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency