လွိုင်ကော်ကို တော်လှန်ရေးတပ်များပိတ်ဆို့ထားရာ စစ်ကောင်စီက လေကြောင်းကိုသာ အားကိုးနေရ

လွိုင်ကော်ကို တော်လှန်ရေးတပ်များပိတ်ဆို့ထားရာ စစ်ကောင်စီက လေကြောင်းကိုသာ အားကိုးနေရ
မတ် 10, 2024 | 2021 Military Coup| ကယား

ကရင်နီပြည်နယ် လွိုင်ကော်မြို့ပေါ်တွင် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ မြို့အားဝန်းရံပိတ်ဆို့၍ စစ်ဆင်ရေးများဆက်တိုက်ဆင်နွဲနေပြီး စစ်ကောင်စီတပ်ဖွဲ့များမှာ မြို့ပေါ်အခြေစိုက်တပ်များတွင်သာ တပ်စွဲထားနိုင်ကာ မြေပြင်ထောက်ပို့လမ်းကြောင်းများ ပြတ်တောက်၍ လေကြောင်းကိုသာ အားထားနေရသည့်အခြေနေဖြစ်ကြောင်း KNDF ဗဟိုက ယနေ့ ၂၀၂၄ ခုနှစ် မတ်လ (၁၀)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်မှ လွိုင်ကော်မြို့တွင်းသို့ နေ့စဥ်လက်နက်ကြီးများ ပစ်ခတ်ခဲ့သည့်အပြင် လေကြောင်းဖြင့် ဗုံးကြဲခြင်း၊ ကင်းထောက်လေယာဥ်များ၊ ဒရုန်းများဖြင့် ရပ်ကွက်များအတွင်းသို့ မီးလောင်ဗုံးများ ကြဲချခြင်းတို့ကို နေ့စဥ်ပြုလုပ်ခဲ့၍ လူထုနေအိမ်အများအပြား မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား နေ့စဥ်ထိတွေ့မှုများရှိခဲ့ပြီး ဖေဖော်ဝါရီလနောက်ဆုံး အပတ်အတွင်း တိုက်(၆)လုံး ဝန်ထမ်းအိမ်ယာတစ်လျှောက်တွင် ထိတွေ့တိုက်ပွဲများပြင်းထန်ခဲ့ကြောင်း သိရသည်။

 ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီမှ အရပ်သားပြည်သူများအား ပစ်မှတ်ထားသည့် တာဝေးပစ်လက်နက်ကြီး ပစ်ခက်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းနှင့် ဖမ်းဆီးသတ်ဖြတ်ခြင်းများကြောင့် အရပ်သား (၂၅)ဦး သေဆုံးပြီး ဒဏ်ရာရသူ (၄၂)ဦးရှိခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ (၅)ရက်နေ့ မနက်ပိုင်းတွင် စစ်ကောင်စီမှ ကလေးငယ်များ ပညာသင်ကြားနေသော ဒီးမော့ဆိုမြို့နယ်၊ ဒေါစီအိစာသင်ကျောင်းနှင့် လွိုင်နန်းဖကျေးရွာ စာသင်ကျောင်းများအား တိုက်လေယာဥ် (၅)စီးဖြင့် အကြိမ်ပေါင်းများစွာ ပစ်ခက်တိုက်ခိုက်ခဲ့၍ ကလေးငယ်(၄)ဦး၊ လူကြီးအမျိုးသားတစ်ဦးသေဆုံးပြီး အရပ်သား (၃၅)ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

ဖေဖော်ဝါရီလ (၅)ရက်နေ့တွင် စစ်ကောင်စီမှ ရဟတ်ယာဥ်(၃)စီးဖြင့် ရှားတောမြို့နယ်အတွင်းဆင်းသက်၍ စစ်ကူပို့ခဲ့သောစစ်ကြောင်းမှာ ဒေသခံစစ်ဘေးရှောင်များအား လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး လမ်းတွင်ညဥ်းပန်းနှိပ်စက်ကာ သတ်ဖြတ်ခဲ့၍ ကိုယ်ဝန်ဆောင်နှင့် မသန်စွမ်းအမျိုးသမီး (၃)ဦး၊ အမျိုးသားတစ်ဦး၊ ကလေးသူငယ် (၃)ဦး စုစုပေါင်း (၇)ဦးတို့ သေဆုံးခဲ့ရသည်။

ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင် စစ်ကောင်စီတပ်များမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တာဝေးပစ်လက်နက်ကြီးဖြင့် ပစ်ခက်တိုက်ခိုက်မှုကြောင့် ဖယ်ခုံမြို့နယ်၊ ရွှေစမ်းကျေးရွာတွင် ဒေသခံအရပ်သား ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသမီး (၄)ဦး သေဆုံးခဲ့ရပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီး (၂)ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ဒီးမော့ဆိုမြို့နယ်အတွင်း နန်းဟူသွေကျေးရွာထဲသို့ နေအိမ်သန့်ရှင်းရေးပြန်လုပ်သည့် ဒေသခံအမျိုးသားတစ်ဦးမှာ စစ်ကောင်စီတပ်ဖွဲ့များ ထောင်ထားခဲ့သော မြေမြုပ်မိုင်းနင်းမိ၍ ခြေတစ်ဖက်ပြတ်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ဇန်နဝါရီလ (၁၅)ရက်နေ့မှစ၍ ရှားတောမြို့အတွင်းရှိ စစ်ကောင်စီ၏ ကာကင်းစခန်းကုန်းများအပါအဝင် ဗျူဟာကုန်းအား ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ အပြီးသတ်ချေမှုန်းသိမ်းပိုက်ကာ ရှားတောမြို့အား အလုံးစုံသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။

ရှားတောမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ ဗိုလ်မှူးကြီး၊ ဒု-ဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဒုရဲမှူးများအပါအဝင် တပ်ဖွဲ့ဝင် (၁၆၀)ကျော်သေပြီး စစ်သုံ့ပန်းများနှင့် ၎င်းတို့၏ မိသားစုဝင်အချို့အား စစ်သုံ့ပန်းဥပဒေ၊ နိုင်ငံတကာစည်းမျဥ်း စည်းကမ်းဥပဒေများနှင့်အညီ ထိမ်းသိမ်းစောင့်ရှောက်ထားသည်ဟု သိရသည်။

ဖေဖော်ဝါရီလအတွင်း ဘောလခဲမြို့နှင့် ရွာသစ်မြို့အကြား ဆက်သွယ်ထားသော လမ်းမကြီးပေါ်ရှိ စစ်ကောင်စီ၏ (၁၂)မိုင်ကုန်း စခန်းအနီးတွင် ထိတွေ့မှု ဆက်တိုက်ဖြစ်ခဲ့ပြီး အဆိုပါစခန်းကုန်းအား ကရင်နီတော်လှန်ရေးတပ်များမှ အပြီးသတ်သိမ်းယူနိုင်ခဲ့ကာ လက်နက်ငယ် (၁၂)လက်၊ လက်နက်ကြီး (၄)လက်နှင့် ခဲယမ်းကျည်များအား သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: KNDF