ကယား(ကရင်နီ)ပြည်နယ်တွင် အာဏာသိမ်းစစ်တပ်က တစ်ဖက်သတ် လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် အရပ်သား (၁) ဦးသေ၊ (၄) ဦး ဒဏ်ရာရ

ကယား(ကရင်နီ)ပြည်နယ်တွင် အာဏာသိမ်းစစ်တပ်က တစ်ဖက်သတ် လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် အရပ်သား (၁) ဦးသေ၊ (၄) ဦး ဒဏ်ရာရ
စက်တင်ဘာ 9, 2021 | ကယား

 ကယား(ကရင်နီ)ပြည်နယ်၊ ဘောလခဲနှင့် ဒီးမော့ဆိုမြို့နယ်များအတွင်း အာဏာသိမ်းစစ်တပ်က ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၉) ရက်နေ့တွင် တိုက်ပွဲမရှိဘဲ လူနေရပ်ကွက်၊ ကျေးရွာများဘက်သို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့မှုကြောင့် အရပ်သားအမျိုးသမီး (၁) ဦးသေဆုံးပြီး (၄) ဦး ဒဏ်ရာရသွားကြောင်း သိရသည်။

ဘောလခဲမြို့နယ် နန်းဖဲကျေးရွာအနီး အရပ်သားများနှမ်းခုတ်နေသည့်  တောင်ယာတွင် အာဏာသိမ်းစစ်တပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျ၍ အမျိုးသမီး (၁) ဦး သေဆုံးသွားကာ ဒဏ်ရာပြင်းထန်သူ (၁)ဦး အပါအဝင် စုစုပေါင်း (၄) ဦး ဒဏ်ရာရသွားခြင်းဖြစ်ကြောင်း KNDF က သတင်းထုတ်ပြန်သည်။

အလားတူ ဒီမော့ဆိုမြို့နယ်တွင်လည်း ရဲစခန်းတွင် တပ်စွဲထားသည့်အဖွဲ့နှင့် အခြေစိုက်တပ်ရင်းများဘက်မှနေ၍ လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်မှုကြောင့် ငွေတောင်နှင့် ဒီမော့ဆိုရဲစခန်းအနီး ရပ်ကွက်များအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှု ဖြစ်ပွားသည်ဟု သိရသည်။

အာဏာသိမ်းစစ်တပ်သည် ဒီးမော့ဆိုကျေးရွာအုပ်စုရှိ ကျေးရွာများတစ်လျှောက်တွင် တပ်များ ဖြန့်ကျက်ထားလျက်ရှိပြီး လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်လျက်ရှိသော်လည်း နှစ်ဖက်ထိတွေ့တိုက်ပွဲများ မရှိသေးကြောင်း သိရသည်။

ကယား(ကရင်နီ)ပြည်နယ်တွင် မေလ (၂၃) ရက်ကတည်းက အာဏာသိမ်းစစ်တပ်၏ ထိုးစစ်ကို ပြည်သူ့ကာကွယ်ရေးတပ်များဖြစ်သည့် KA၊ KNDF နှင့် PDFs များပူးပေါင်းခုခံသည့် တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ပြီး စက်တင်ဘာလ (၇) ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူများ၏ခုခံကာကွယ်စစ် စတင်နေပြီဟု ကြေညာထားရာ တိုက်ပွဲများစိပ်လာနိုင်သည်ဟု ခန့်မှန်းနေကြသည်။



#TachileikNewsAgency