မြန်မာစစ်တပ်က နိုင်ငံ (၁၃) ခုမှ ကုမ္ပဏီများ၏ အကူအညီဖြင့် ပြည်သူကို နှိပ်ကွပ်ရန် လက်နက်များ ထုတ်လုပ် နေ

မြန်မာစစ်တပ်က နိုင်ငံ (၁၃) ခုမှ ကုမ္ပဏီများ၏ အကူအညီဖြင့် ပြည်သူကို နှိပ်ကွပ်ရန် လက်နက်များ ထုတ်လုပ် နေ
ဇန်နဝါရီ 16, 2023 | 2021 Military Coup| အခြားဒေသများ
By Mr John

မြန်မာစစ်တပ်က နိုင်ငံ (၁၃) ခုမှ ကုမ္ပဏီများ၏ အကူအညီဖြင့် ပြည်သူကို နှိပ်ကွပ်ရန် လက်နက်များ ထုတ်လုပ် 

မြန်မာနိုင်ငံတွင် စစ်တပ်က ပြည်သူများကို နှိပ်ကွပ်ရာတွင် အသုံးပြုရန် လက်နက်အများအပြားကို အနည်းဆုံး နိုင်ငံ (၁၃) ခုမှ ကုမ္ပဏီများ၏ အကူအညီဖြင့် ထုတ်လုပ်နေကြောင်း ကုလသမဂ္ဂအရာရှိများက ပြောသည်။ 

အနောက်အုပ်စုက ဦးဆောင်၍ မြန်မာနိုင်ငံကို အရေးယူပိတ်ဆို့မှုများ လုပ်ဆောင်နေသော်လည်း မြန်မာစစ်တပ်၏ လက်နက်ထုတ်လုပ်ရေးကို ကူညီပေးနေသည့် ကုမ္ပဏီများ အခြေစိုက်ရာ နိုင်ငံများစာရင်းတွင် အမေရိကန်၊ ပြင်သစ်၊ အိန္ဒိယနှင့် ဂျပန်တို့ ပါဝင်နေသည်။

မြန်မာစစ်တပ်က ၎င်းတို့ကို ဆန့်ကျင်သူများ အပေါ်  ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များ လုပ်ဆောင်ရန် ပြည်တွင်း၌ ထုတ်လုပ်ထားသော လက်နက်များကို အသုံးပြုနေကြောင်း ကုလသမဂ္ဂအစီရင်ခံစာက ဆိုသည်။ 

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်တွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် ဘက်ပေါင်းစုံ အကျပ်အတည်းဖြစ်ပေါ်ပြီး အကြမ်းဖက်မှုများနှင့် တိုက်ခိုက်မှုများလည်း နေ့စဥ် ဖြစ်ပွားလျက်ရှိသည်။

ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သူများက တစ်နိုင်ငံလုံးအနှံ့ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသော်လည်း စစ်တပ်က အကြမ်းဖက်ဖြိုခွင်းမှုများ လုပ်ဆောင်လာခဲ့ရာ လူငယ်အများစု အပါအဝင် စစ်အာဏာသိမ်းမှု ဆန့်ကျင်သူများစွာက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းပြီး စစ်တပ်အုပ်ချုပ်မှုကို လက်နက်ကိုင်တော်လှန်လာခဲ့ကြသည်။ 

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ Special Advisory Council for Myanmar က ဇန်နဝါရီလ (၁၆) ရက်နေ့တွင် ထုတ်ပြန်လိုက်သည့် အစီရင်ခံစာ၌ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအများအပြားက မြန်မာစစ်တပ်ကို လက်နက်များ ဆက်လက်ရောင်းချနေကြောင်း ထောက်ပြထားသည်။

"အရေးကြီးသည့် အချက်မှာ မြန်မာစစ်တပ်က ပြည်တွင်းမှာ လက်နက်မျိုးစုံ ထုတ်လုပ်နိုင်နေပြီး အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ရန် ထိုလက်နက်များကို အသုံးပြုနေခြင်း ဖြစ်သည်" ဟု အစီရင်ခံစာက ပြောသည်။ 

မြန်မာစစ်တပ်ကို ကူညီနေသည့်ကုမ္ပဏီများက ကုန်ကြမ်းပစ္စည်းများ၊ သင်တန်းပေးခြင်းနှင့် စက်ပစ္စည်း အကူအညီများပေးနေပြီး မြန်မာစစ်တပ်က ထုတ်လုပ်နေသည့် လက်နက်များကို နိုင်ငံ၏ နယ်စပ်များကို ကာကွယ်ရန် အသုံးပြုခြင်း မဟုတ်ဘဲ ပြည်သူများကို နှိပ်ကွပ်ရာတွင် အသုံးပြုလျက်ရှိသည်။

"မြန်မာနိုင်ငံကို ပြည်ပနိုင်ငံတစ်ခုရဲ့ တိုက်ခိုက်မှု ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ မြန်မာစစ်တပ်က လက်နက်တင်ပို့မှု မရှိပါဘူး။ ၁၉၅၀ ခုနှစ်ကတည်းက မြန်မာစစ်တပ်က ပြည်သူတွေကို နှိပ်ကွပ်ရာမှာသုံးဖို့ လက်နက်တွေ ကိုယ်တိုင်ထုတ်လုပ်ခဲ့ပါတယ်" ဟု အစီရင်ခံစာ ပြုစုရာတွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးအဆိုင်ရာ အထူးကိုယ်စားလှယ်ဟောင်း ယန်ဟီးလီက ပြောသည်။

ယန်ဟီးလီနှင့်အတူ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင် Independent International Fact-Finding Mission on Myanmar မှ Chris Sidoti နှင့် Marzuki Darusman တို့က ယခုအစီရင်ခံစာကို ရေးသားပြုစုခဲ့ကြခြင်း ဖြစ်သည်။ 

မြန်မာစစ်တပ်က စနိုက်ပါ ရိုင်ဖယ်များ၊ လေယာဥ်ပစ်သေနတ်များ၊ ဒုံးကျည်ပစ်စင်များ၊ လက်ပစ်ဗုံးများ၊ ဗုံးများနှင့် မြေမြှုပ်မိုင်းများ အပါအဝင် လက်နက်အများအပြားကို ပြည်တွင်းတွင် ထုတ်လုပ်နေကြောင်း သိရသည်။

မြန်မာစစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း ၎င်း၏ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကို ပိုမိုတိုးမြှင့်လုပ်ဆောင်လာကြောင်း AP သတင်းက ဖော်ပြသည်။ 

မြန်မာစစ်တပ်၏ လက်နက်ထုတ်လုပ်ရေးတွင် အသုံးပြုရန် ကိရိယာအချို့မှာ ဩစတြေးလျနိုင်ငံမှ ဖြစ်သည်ဟု ယူဆရသည်။ 

အလွန်အသေးစိတ် တိကျသော စက်ပစ္စည်းများကို ဩစတြေးလျအခြေစိုက် GFM Steyr က ထောက်ပံ့ပေးထားပြီး သေနတ်ပြောင်းများထုတ်လုပ်ရန် အသုံးပြုနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီက ပြောသည်။

လက်နက်ထုတ်လုပ်မှုဆိုင်ရာ စက်ပစ္စည်းများ ပြုပြင်ထိန်းသိမ်းရန် လိုအပ်သည့်အခါ ၎င်းတို့ကို ထိုင်ဝမ်သို့ ပို့ဆောင်ပြီး GFM Steyr မှ နည်းပညာရှင်များက လုပ်ဆောင်ပေးပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ကြောင်း သိရသည်။ 

ဩစတြေးကုမ္ပဏီ၏ နည်းပညာရှင်များ အနေဖြင့် မြန်မာစစ်တပ်က ပြည်တွင်း၌ ပြည်သူလူထုကို နှိပ်ကွပ်ရန် အသုံးပြုမည့်အရာများကို ၎င်းတို့ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိထားခြင်းရှိ မရှိ ရှင်းရှင်းလင်းလင်း မသိရကြောင်း အစီရင်ခံစာက ဆိုသည်။

မြန်မာစစ်တပ်က ယခုအချိန်အထိ ပြည်ပသို့ လက်နက်တင်ပို့မှု မရှိသေးသော်လည်း ၂၀၁၉ ခုနှစ်အတွင်း ထိုင်းနိုင်ငံတွင် ပြုလုပ်ခဲ့သည့် စစ်လက်နက်ပစ္စည်းပြပွဲတွင် လက်နက်အများအပြားကို ပြသခဲ့သည်။ 

ထိုပြပွဲတွင် မြန်မာစစ်တပ်က ကျည်ဆန်များ၊ ဗုံးများနှင့် ဗုံးသီးပစ်လောင်ချာများ အပါအဝင် ပြည်တွင်းထုတ် စစ်လက်နက်ပစ္စည်းများကို ပြသခဲ့ကြောင်း သိရသည်။

Source: AP, BBC