ရေးမြို့နယ် ခံသင်းတံတားစစ်ဆေးရေးဂိတ်ကို ရေးဘီလူးတပ်ဖွဲ့ကဝင်ပစ်ရာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံး

ရေးမြို့နယ် ခံသင်းတံတားစစ်ဆေးရေးဂိတ်ကို ရေးဘီလူးတပ်ဖွဲ့ကဝင်ပစ်ရာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံး
ဖေဖော်ဝါရီ 19, 2024 | 2021 Military Coup| အခြားဒေသများ

မွန်ပြည်နယ် ရေးမြို့နယ် အာယုတောင်ရွာနှင့် စုံနံ့သာရွာကြားရှိ စစ်ကောင်စီတပ်၏ ခံသင်းတံတားစစ်ဆေးရေးဂိတ်ကို ရေးဘီလူးတပ်ဖွဲ့က ယနေ့ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ (၁၉)ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား(၄)ဦး သေဆုံးကြောင်း သိရသည်။

အဆိုပါစစ်ဆေး‌ရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်စဉ် ကားများထံမှ ငွေကြေးကောက်ယူနေသည့် စစ်ကောင်စီတပ်သား (၄)ဦးကို ပစ်ခတ်နိုင်ခဲ့ပြီး လက်နက်ကောက်ယူရန် လုပ်ဆောင်နေစဉ် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများဖြင့် အဆက်မပြတ် ပြန်လည်ပစ်ခတ်သဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု သိရသည်။

“ဒီမနက်ကျွန်တော်တို့ ခံသင်းတံတားဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်တယ်။ ဝင်တိုက်ခိုက်ချိန်မှာ ပိုက်ဆံကောက်နေတဲ့ စစ်ကောင်စီတပ်သား(၄)ဦးကို အပိုင်ပစ်ခတ်နိုင်ခဲ့တယ်။ သေနတ်ဝင်ကောက်လုဆဲဆဲမှာပဲ သူတို့အထဲက ကွန်မန်ဒိုစိန်ပြောင်းတွေ ထိုင်ထားတာရှိတယ်။ စက်လက်တွေရှိတယ်။ ကျွန်တော်တို့ ဝင်ဖို့မလွယ်တော့ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်။ တခြားထိခိုက်သူလည်းရှိတယ်။ ငွေကောက်တဲ့သူ(၄)ယောက်ကတော့ တခါတည်း ပွဲချင်းပြီးသေတယ်။”ဟု ရေးဘီလူးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

ရေးဘီလူးတပ်ဖွဲ့များက အဆိုပါစစ်ဆေးရေးဂိတ်ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပြန်လည်ဆုတ်ခွာချိန်တွင် စစ်ကောင်စီတပ်က (၈၀)မမနှင့် (၆၀)မမ တို့ဖြင့် ပြန်လည်ပစ်ခတ်သည်ဟု ဆိုသည်။

“သူတို့မိုင်းကွင်းလည်းကောင်းတယ်။ မိုင်းကွင်းက ကျွန်တော်တို့ဝင်တိုးလို့မရဘူးဗျ။ အန္တရာယ်ရှိတဲ့နေရာတွေမှာ ကြိုတင်မိုင်းချထားတာ။ ကျွန်တော်တို့ ဆုတ်ခွာလမ်းက တအားဝေးတယ်ဗျ။ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ကူတွေကလည်း တအားကောင်းတယ်ဗျ။ စစ်ဆေးရေးဂိတ်နောက်ကြောမှာ ၅၉၁ တပ်ရင်း၊ ၃၄၃၊ ၅၈၆ တပ်ရင်း တွေရှိတယ်။ လက်နက်ကြီးပစ်ကူအရမ်းကောင်းတော့ ဆုတ်လမ်းကို အချိန်ပြန်ပေးရတော့ ကျွန်တော်တို့ လက်နက်တွေကောက်ယူနိုင်ခြင်းမရှိခဲ့ဘူး။”ဟု ၎င်းကဆက်ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ (၂၄)ရက်နေ့ကလည်း အဆိုပါ ခံသင်းတံတားစစ်ဆေးရေးဂိတ်မှ ဂိတ်မှူးစိုးသူလိုက်ပါလာသော ကားကို စုံနံ့သာရွာအနီးတွင် ရေးဘီလူးတပ်ဖွဲ့က ပစ်ခတ်ခဲ့ရာ စိုးသူအပါအဝင် (၃)ဦးသေဆုံးပြီး လက်နက်(၃)လက်ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency