ဖားကန့်မြို့နယ် ဝှေခါတပ်စခန်းထံ စစ်ကူလာသည့် စစ်ကောင်စီတပ်များ ကြားဖြတ်တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သားတချို့နှင့် လက်နက်ခဲယမ်းများကို KPDF သိမ်းဆည်းရရှိ

ဖားကန့်မြို့နယ် ဝှေခါတပ်စခန်းထံ စစ်ကူလာသည့် စစ်ကောင်စီတပ်များ ကြားဖြတ်တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သားတချို့နှင့် လက်နက်ခဲယမ်းများကို KPDF သိမ်းဆည်းရရှိ
ဇန်နဝါရီ 10, 2024 | 2021 Military Coup| အခြားဒေသများ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝှေခါစစ်ကောင်စီတပ်စခန်းထံ အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်ကို KIA ပူးပေါင်း KPDF တပ်များက ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၈)ရက်နေ့ ည(၁၀)နာရီဝန်းကျင်တွင် ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်က သေဆုံးသူများပြီး အရှင်ဖမ်းဆီးရမိသူများလည်းရှိကြောင်း KPDFထံမှ သိရသည်။

"မနေ့ကတိုက်ပွဲမှာ အသေကော၊ အရှင်ကော၊ လက်နက်တွေကော တော်တော်လေးရလိုက်ပါတယ်။ ဝှေခါကုန်းကို အင်အားဖြည့်လာတာ ဝင်သွားတဲ့အဖွဲ့တွေလည်းရှိတယ်။ ကြားထဲမှာ ကျွန်တော်တို့ ဖြတ်တောက်တိုက်ခိုက်နိုင်ခဲ့တယ်။"ဟု KPDF တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကို ဇန်နဝါရီလ (၉)ရက်နေ့ညပိုင်းက ပြောသည်။

အဆိုပါကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားတချို့ကို အရှင်ဖမ်းဆီးရမိပြီး စစ်ကောင်စီတပ်သား သေဆုံးမှုနှင့် လက်နက်ခဲယမ်းရရှိမှုကို ထုတ်ဖော်ပြောကြားခြင်းမရှိပါ။

"ည(၁၂)နာရီလောက်မှာ ပြန်ဆုတ်ခွါခဲ့တယ်။ ကျွန်တော်တို့ဘက်ကတော့ နည်းနည်းပါးပါးထိခိုက်တာရှိပါတယ်။ အသေအပျောက်တော့ မရှိပါဘူး။"ဟု ၎င်းကဆက်ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ(၆)ရက်နေ့က ဝှေခါရွာရှိစစ်ကောင်စီစခန်းကုန်းနှင့် ရဲစခန်းတို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ပူးပေါင်း KPDF တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က အင်အားဖြည့်တင်းနေခြင်းဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုတွင် ရဲစခန်းကို တော်လှန်ရေးတပ်များ သိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ကူပေးခဲ့သည်ဟု ဆိုသည်။

ယနေ့ ဇန်နဝါရီလ (၉)ရက်နေ့ နံနက်ပိုင်းတွင်လည်း ဖားကန့်မြို့ ကံဆီးစစ်တပ်ကုန်းမှ ဝှေခါရွာသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်သားများကိုလည်း ဖမ်းဆိးရမိသည်ဟု သိရသည်။

ဇန်နဝါရီလ (၆)ရက်နေ့တွင်လည်း ဖားကန့်-ကာမိုင်းလမ်းမပေါ် နန့်ယားကျေးရွာအနီးရှိ စစ်ကောင်စီတပ်၏ နမ့်တိန်စခန်းကိုလည်း KIA ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency