တာချီလိတ်မြို့တွင် ဖမ်းမိထားသည့် ဓါးပြအုပ်စုကို ပြစ်ဒဏ်သက်သာစေမည့် လက်နက်မှုဖြင့်သာ  အမှုဖွင့်ထား၍ ဓါးပြမှုဖြင့် ပြောင်းလဲ အမှုဖွင့်ရန် ရဲချုပ်ရုံးက ညွှန်ကြားထား

တာချီလိတ်မြို့တွင် ဖမ်းမိထားသည့် ဓါးပြအုပ်စုကို ပြစ်ဒဏ်သက်သာစေမည့် လက်နက်မှုဖြင့်သာ  အမှုဖွင့်ထား၍ ဓါးပြမှုဖြင့် ပြောင်းလဲ အမှုဖွင့်ရန် ရဲချုပ်ရုံးက ညွှန်ကြားထား

 မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် စစ်တပ်နှင့်ရဲတပ်ဖွဲ့အဖြစ် အယောင်ဆောင်ပြီး အုပ်စုများခွဲကာ အကြိမ်ပေါင်းများစွာ ဓါးပြတိုက်မှုများကြောင့် ဖမ်းဆီးထားသူ စုစုပေါင်း(၁၁)ဦးကို ပြစ်ဒဏ် သက်သာစေသည့် လက်နက်ဥပဒေဖြင့်သာ တာချီလိတ်အာဏာပိုင်များက အမှုဖွင့်ထား၍ ၎င်းတို့အား အမြင့်ဆုံးအရေးယူနိုင်ရေး ဓါးပြမှုဖြင့် အမှုဖွင့်ရန် ရဲချုပ်ရုံးက ညွှန်ကြားထားကြောင်း သိရသည်။

ကနဦး ဖမ်းမိထားသည့် ဓါးပြ (၁၁)ဦးထဲက   ပထမအသုတ်အနေဖြင့် ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၂၉)ရက်နေ့က  ဓါးပြခေါင်းဆောင်ဖြစ်သူ တာချီလိတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံး၏ ဒုတိယဦးစီးမှူး အေးကိုကိုဦးနှင့် အတူ အသက်(၂၀)နှစ်အရွယ် စိုင်းမောင်ထွန်း(ခ)အိုက်ပီး၊ အသက်(၂၇)နှစ်အရွယ် စိုင်းလှမောင်၊ အသက်(၁၈)နှစ်အရွယ် စိုင်းခမ်းတွီ၊ အသက်(၃၈)နှစ်အရွယ် ရဲသီဟလွင် နှင့် အသက်(၂၀)နှစ်အရွယ် ကျိုင်းစံဟိုင်း တို့ (၆)ဦးတို့ ကို ဖမ်းမိထားခြင်း ဖြစ်သည်။

ပထမအသုတ်အနေဖြင့် ဖမ်းမိထားသည့် (၇)ဦးအဖွဲ့ထဲက (၅)ဦးသည်  ၂၀၂၄ခုနှစ် ဇန်နဝါရီလ(၂၂)ရက်နေ့ အကူးပိုင်းအချိန်က  တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်အတွင်း ဝေဠုဝန်ဘုန်းကြီးကျောင်းအကျော်ရှိ နေအိမ်ကို သေနတ်များကိုင်ဆောင်ကာ ဓါးပြတိုက်သွားခဲ့သူများဖြစ်ပြီး အဆိုပါ နေအိမ်မှ အိုင်ဖုန်း(၂)လုံး၊ ထိုင်းဘတ်ငွေ (၁)သိန်းနီးပါး အပါအဝင် မှတ်ပုံတင်(၂)ခုနှင့် အိပ်ခန်းအတွင်းက ရွှေထည်ပစ္စည်းများကို ယူသွားသည့်အပြင် နေအိမ်တွင်ရပ်ထားသည့် BMW အမျိုးအစား ကားတစ်စီးပါ ယူဆောင်သွားသူများ ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယအသုတ်အနေဖြင့် ကွင်းဆက်တရားခံ နောက်ထပ်ဓါးပြအဖွဲ့ဝင် (၄)ဦးဖြစ်သည့်  စိုင်းစွမ်းမိန်း (ခ)အိုက်တီ၊ အိုက်ကျော် (ခ) စိုင်းကျော်လင်းဦး၊ စိုင်းခေး နှင့်  စိုင်းကွမ်းခေးတို့ကိုလည်း  ၂၀၂၄ခုနှစ် မတ်လ(၃)ရက်နေ့တွင် ဖမ်းမိခြင်းဖြစ်သည်။

ဖမ်းဆီးရမိထားသည့် ဓါးပြအဖွဲ့ဝင် (၁၁)ဦးကို  ပြစ်ဒဏ်သက်သာစေနိုင်သည့် ပုဒ်မဖြစ်သော လက်နက်ဥပဒေ ပုဒ်မ ၂၄ ဖြင့် တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ထားခြင်းဖြစ်၍ ဓါးပြမှုဖြင့် အမှုဖွင့်လှစ်ရန် ရဲချုပ်ရုံးက ညွှန်ကြားထားခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၂၃ လက်နက်ဥပဒေ ၏ ပုဒ်မ ၂၄ သည်  ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ် အနည်းဆုံး (၁)နှစ်မှ အများဆုံး(၅)နှစ်အထိ ထောင်ဒဏ်ချမှတ်ရမည် ဖြစ်ကြောင်း ပြဌာန်းထားသည်ကို တွေ့ရသည်။

ယခုဖမ်းဆီးရမိထားသည့် ဓါးပြအဖွဲ့ (၁၁)ဦးကိုထံက သိမ်းဆည်းရရှိထားသည့် ပစ္စည်းများမှာ ကား စုစုပေါင်း (၄)စီး၊ သေနတ် မျိုးစုံ (၇)လက်၊ ကျည်ဆံမျိုးစုံ စုစုပေါင်း (၁၀၈)တောင့် နှင့် စစ်နှင့်ရဲ ဝတ်စုံများ၊ စကားပြောစက်များ ပါဝင်ကြောင်း သိရသည်။

လက်နက်မှုမှာ ထောင်ဒဏ် အနည်းဆုံး (၁)နှစ်ကနေ ထောင်ဒဏ်(၅)နှစ်အထိသာ ချမှတ်နိုင်သည် ဖြစ်သော်လည်း ဓါးပြမှုများနှင့် ပတ်သက်၍ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၉၁၊ ၃၉၂၊ ၃၉၃၊ ၃၉၄၊ ၃၉၅၊ ၃၉၆၊ ၃၉၇၊ ၃၉၈၊ ၃၉၉၊ ၄၀၀၊ ၄၀၁ နှင့် ၄၀၂များအရ  အနည်းဆုံး အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၇)နှစ်ကနေ အလုပ်ကြမ်းနှင့်ထောင်ဒဏ် အနှစ်(၂၀)အထိ ချမှတ်နိုင်ကြောင်း သိရသည်။

လက်ရှိတွင် ဖမ်းဆီးရမိထားသည့် ဓါးပြအဖွဲ့ဝင် (၁၁)ဦးစလုံးသည် ၂၀၂၄ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ဓါးပြအမှုများအပြင် ၂၀၂၃ခုနှစ်တွင်းက ဖြစ်ပွားခဲ့သည့် ပြန်ပေးဆွဲမှုများနှင့် ဓါးပြမှုများနှင့်ပါ ဆက်နွယ်မှုရှိ၍ ကွင်းဆက်တရားခံများကို ဆက်လက် စုံစမ်းဖော်ထုတ်နေလျှက်ရှိကြောင်း သိရသည်။