တာချီလိတ် မယ်ခေါင်ရပ်ကွက်ရှိ မဲရုံမှ ပုံနှိပ်မှုအမှားအယွင်းဖြစ်သည့် ဆန္ဒမဲလက်မှတ်ဖြင့် မဲပေးထားသူ (၁၀၀)အနက် (၉၇)ဦး ပြန်လည်မဲထည့်

တာချီလိတ် မယ်ခေါင်ရပ်ကွက်ရှိ မဲရုံမှ ပုံနှိပ်မှုအမှားအယွင်းဖြစ်သည့် ဆန္ဒမဲလက်မှတ်ဖြင့် မဲပေးထားသူ (၁၀၀)အနက် (၉၇)ဦး ပြန်လည်မဲထည့်
နိုဝင်ဘာ 8, 2020
By Tachileik News Agency
တာချီလိတ် မယ်ခေါင်ရပ်ကွက်ရှိ မဲရုံမှ ပုံနှိပ်မှုအမှားအယွင်းဖြစ်သည့် ဆန္ဒမဲလက်မှတ်ဖြင့် မဲပေးထားသူ (၁၀၀)အနက် (၉၇)ဦး ပြန်လည်မဲထည့်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်အတွင်းရှိ မိုးသောက်ကြယ်အဆောက်အဦးတွင် ဖွင့်လှစ်ထားသည့်မဲရုံ၌ မှားယွင်းပုံနှိပ်ထားသည့်ဆန္ဒမဲလက်မှတ်များဖြင့် မဲပေးမိသူ (၁၀၀)၏ မှားယွင်းသည့်မဲလက်မှတ်များအား ပယ်ဖျက်ပြီး ပြန်လည်ဆန္ဒပြုစေရာ (၉၇) ဦးလာရောက် မဲပေးကြသည်။
“မဲစာရင်းမှာ အဖုံးကတော့ စာကမှန်ပြီး အတွင်းက မဲစာရွက်တွေမှာ ပုံနှိပ်တာအမှားဖြစ်နေတယ်။ အဲဒါကို မဲစာအုပ် (၂)အုပ်ကုန်မှ သတိထားမိတော့ ပါတီတွေအားလုံး သဘောတူညီချက်အရ ဒီလူ (၁၀၀)ကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က ပြန်ခေါ်ပေးပြီး မဲပြန်ထည့်ခိုင်းတယ်။ အချိန်ထပ်တိုးပေးတဲ့ ည (၇)နာရီအထိ (၉၇) ယောက် ပြန်ထည့်ကြတယ်။ ည (၇)နာရီမှာ စာရင်းပိတ်လိုက်ပါပြီ”
ဟု တာချီလိတ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးအောင်မင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် မဲရုံအမှတ် (၁) ဖြစ်သည့် မိုးသောက်ကြယ်အဆောက်အဦးမဲရုံတွင် မွန်းလွဲ (၂) နာရီကျော်အချိန်ခန့်က မဲစာရွက်များတွင် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် (၁)အစား မဲဆန္ဒနယ်အမှတ် (၂)ဖြစ်နေခြင်း၊ တာချီလိတ်မြို့အစား ဖယ်ခုံမြို့ဖြစ်နေခြင်းကို တွေ့ရှိသဖြင့် မဲရုံမှူးနှင့် မဲရုံတာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများမှ စောင့်ကြည့်သူများက ရွေးကောက်ပွဲကော်မရှင်သို့ အကြောင်းကြားခဲ့ပြီး မှားယွင်းနေသည့် ဆန္ဒမဲလက်မှတ်များအား ပယ်ဖျက်ကာ ပြန်လည်ဆန္ဒပြုစေရန် နိုင်ငံရေးပါတီအားလုံးက သဘောတူဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။
အဆိုပါမဲရုံအား ညနေ (၄)နာရီ၌ ပိတ်လိုက်ပြီး ပြန်လည်ဆန္ဒပြုရမည့် လူဦးရေ (၁၀၀)ဦးကို ပြန်လည်စုဆောင်းမဲပေးနိုင်ရန် အချိန် (၃)နာရီထပ်တိုးပေးကာည (၇)နာရီအချိန်၌ မဲရုံပိတ်လိုက်ခြင်းဖြစ်သည်။
တာချီလိတ်မြို့နယ်အတွင်း မဲရုံပေါင်း (၇၀)ရှိသည့်အနက် (၆၅)ရုံတွင် ညနေ (၄)နာရီအချိန် မဲရုံပိတ်ချိန်၌ မဲပေးသူမရှိတော့ဘဲ လွယ်တော်ခမ်းကျေးရွာမှ ရေပူစမ်းမဲရုံနှင့် စမ်းလုမဲရုံ၊ ကျိုင်းလပ်မြို့မှ မိုင်းပါလျှိုးနှင့် နမ့်ခမ်းမဲရုံများ၌ မဲပရဝုဏ်အတွင်းရောက်ရှိပြီး မဲပေးသူများ ဆက်လက်မဲပေးနေခဲ့ခြင်းဖြစ်သည်။
မယ်ခေါင်ရပ်ကွက် မဲရုံအမှတ်(၁)မှာ တာချီလိတ်မြို့နယ်အတွင်း နောက်ဆုံးပိတ်သည့် မဲရုံဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~