ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် လက်ကိုင်စက်လွှများ မှတ်ပုံတင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေးမည်

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် လက်ကိုင်စက်လွှများ မှတ်ပုံတင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေးမည်
မတ် 4, 2020
By Tachileik News Agency
ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် လက်ကိုင်စက်လွှများ မှတ်ပုံတင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေးမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ မြို့နယ်များတွင် လက်ကိုင်စက်လွှ(Chain Saw)များ မှတ်ပုံတင်နိုင်ရေးအတွက် ကျေးရွာများအထိ ဌာနပေါင်းစုံဖြင့် ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

OSS ပုံစံမျိုးလုပ်ပေးမှာပါ။ ကျွန်တော်တို့ ရွာတိုင်းမှာ ဌာနစုံသွားတဲ့အခါ ဆောင်ရွက်ပေးဖို့ အစီအမံရှိပါတယ်။ ကျိုင်းတုံက ရွာတစ်ရွာမှာဆို ဌာနပေါင်းစုံနဲ့သွားတော့ လျောက်လွှာပုံစံတွေရှင်းပြပြီး တစ်ခါတည်း ဆောင်ရွက်ပေးခဲ့တယ်။ လုပ်ပေးဖို့ အစီအစဉ်ရှိပါတယ်

ဟု ဒုတိယ ပြည်နယ်သစ်တောဦးစီးဌာန (ကျိုင်းတုံ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဌေးမောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ မတ်လ (၃)ရက်နေ့၌ ပြောသည်။

လက်ကိုင်စက်လွှ အသုံးပြုရသည့် သစ်အချောထည်စက်များ၊ သစ်စက်များ၊ အသေးစား အိမ်တွင်း စက်မှုလက်မှု လုပ်ငန်းများ၊ ပရိဘောဂဆိုင်များနှင့် လက်ကိုင်စက်လွှ အသုံးပြုရန် လိုအပ်သော ဌာနဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် စက်အမျိုးအစား၊ စက်အင်အား၊ ဆောင်ရွက်မည့်လုပ်ငန်း အကျဉ်းချုပ်၊ အသုံးပြုမည့် စက်လွှဓာတ်ပုံမှတ်တမ်းနှင့်အတူ မြို့နယ်သစ်တောဦးစီးဌာနသို့ အသုံးပြုခွင့် လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။

သစ်စက်ကိစ္စ(လက်ကိုင်စက်လွှ)နဲ့ ပတ်သက်ပြီး အရင်က ကျွန်တော်တို့ တောင်ပေါ်ဒေသက ဒီလိုလိုင်စင် လုပ်ရမယ်ဆိုတာ မသိဘူးပေါ့နော်။ တိုင်းရင်းသားတွေလည်းဖြစ်တော့ မြန်မာစကားလည်း နားမလည်ဘူး။ အခက်အခဲ အများကြီးရှိတာပေါ့။ အရင်ကတည်းက ဝယ်ထားတဲ့စက်တွေလည်းရှိတော့ ဒီစက်တွေကို အခုလိုင်စင်လုပ်လို့ရမလားဆိုတာ သိချင်ပါတယ်

ဟု ဗာလကျေးရွာမှ မောဂျိုက ၂၀၂၀ ခုနှစ် မတ်လ (၂) ရက်နေ့တွင် ပြုလုပ်သည့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျော့ချရေး၊ တောမီးနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် မီးလောင်ကျွမ်းမှုများ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးဟောပြောပွဲတွင် မေးမြန်းခဲ့သည်။

လက်ကိုင်စက်လွှများ တရားဝင်မှတ်ပုံတင်ပြုလုပ်နိုင်ရေးအတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် သစ်တောဦးစီးဌာနအနေဖြင့် ဟောပြောပွဲများပြုလုပ်နေပြီး အသိပညာပေး လက်ကမ်းစာစောင်များကို မြန်မာ၊ အာခါ၊ လားဟူဘာသာများဖြင့် ပုံနှိပ်ဖြန့်ဝေနေပြီး ဂုံရှမ်းသာသာဖြင့် ထပ်မံဖြန့်ဝေနိုင်ရေး စီစဉ်ဆောင်ရွက်နေကာ အခြားလိုအပ်သည့် ဘာသာများကိုလည်း ထပ်မံကာ ဘာသာပြန်ဆိုဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း လက်ကိုင်စက်လွှများ တရားမဝင် ရောင်းဝယ်၊ ကိုင်ဆောင်ပါက ထောင်ဒဏ် (၇) နှစ် အထိ ချမှတ်နိုင်သည့် ဒေသန္တရအမိန့်ကို ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉) ရက်နေ့တွင် ထုတ်ပြန်လိုက်ပြီး  ဖေဖော်ဝါရီလ (၁၉) ရက်နေ့မှ ဧပြီလ (၃) ရက်နေ့အတွင်း မိမိတို့ အသုံးပြုလိုသည့် လုပ်ငန်းအမျိုးအစားကို ဖေါ်ပြပြီး သစ်တောဦးစီးဌာနထံ လာရောက်မှတ်ပုံတင်နိုင်ကြောင်း သိရသည်။

စက်လွှလက်ဝယ်ရှိသူများအနေဖြင့် ပညာပေးကာလအတွင်း သစ်တောဦးစီးဌာန၊ သက်ဆိုင်ရာ ဘိနယ်တာဝန်ခံထံ လာရောက်အပ်နှံပါက အရေးယူခံရမည်မဟုတ်ဘဲ သတ်မှတ်ကာလကျော်လွန်ပါက စက်လွှ လက်ဝယ်ထားရှိခြင်း၊ သယ်ဆောင်ခြင်း၊ ကိုင်ဆောင်အသုံးပြုခြင်း၊ တရားမဝင် ရောင်းဝယ်ခြင်းများကို ၂၀၁၈ သစ်တောဥပဒေပုဒ်မ(၄၂)၊ ပုဒ်မခွဲ(ခ)အရ (၇) နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်(၅)သိန်းမှ အများဆုံးကျပ်(၁၀)သိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်(၂)ရပ်လုံးဖြစ်စေ ကျခံစေရမည်ဖြစ်ကြောင်း သိရသည်။ 

Tachileik News Agency
သတင်း ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~