တာလေမြို့ရှိ ခမရ(၃၁၆)တပ်အတွင်း ပြည်သူ့စစ်များကို စစ်သင်တန်း ပေးနေ

တာလေမြို့ရှိ ခမရ(၃၁၆)တပ်အတွင်း ပြည်သူ့စစ်များကို စစ်သင်တန်း ပေးနေ
ဖေဖော်ဝါရီ 2, 2024 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်း တာလေမြို့ရှိ ခမရ(၃၁၆)တပ်တွင် ပြည်သူ့စစ်များကို စစ်သင်တန်းများ ပို့ချပေးနေကြောင်း သိရသည်။

"တာချီလိတ်ကနေ ကျိုင်းတုံကိုသွားတော့ တာလေက စစ်တပ်ထဲမှာ ပြည်သူ့စစ်တွေကို သင်တန်းပေးနေတာ တွေ့လိုက်ရတယ်။ ခါတိုင်းမတွေ့ရဘူး။ သင်တန်းပေးနေတဲ့ စစ်တပ်က တာလေလမ်းဘေးမှာရှိတာဆိုတော့ တန်းမြင်ရတယ်။ အင်အားကတော့ (၅၀)လောက်ရှိမယ်ထင်တယ်"ဟု တာချီလိတ်မှ ကျိုင်းတုံသို့ သွားသည့် ခရီးသွားတစ်ဦးက Tachileik News Agency သို့ ပြောသည်။

တာလေမြို့သည် ရပ်ကွက်ပေါင်း (၄)ခုနှင့် ကျေးရွာအုပ်စုပေါင်း(၃)စုရှိပြီး လားဟူ၊ အခါနှင့် ရှမ်းတိုင်းရင်းသား အများအပြားနေထိုင်သလို စစ်တပ်အနေဖြင့် ခမရ(၃၁၆)၊ ခမရ(၅၇၁)၊ ခမရ(၅၇၂) နှင့် အမတ(၃၈၈)စသည့် တပ်များရှိပြီး ပြည်သူ့စစ်အင်အားအနေဖြင့် အဖွဲ့(၃)ဖွဲ့ရှိသည့် ဒေသဖြစ်ပြီး တရားမဝင်လုပ်ငန်းများအနေဖြင့် မူးယစ်ဆေးဝါးနှင့် ရွှေနှင့်သတ္တူခိုးတူးဖော်ခြင်းရှိရာ အဆိုပါ လုပ်ငန်းများကို စစ်တပ်နှင့် ပြည်သူ့စစ်တို့က အကျိုးအမြတ်ခွဲဝေရယူပြီး အကာအကွယ်ပေးထားခြင်းလည်း ဖြစ်သည်။

"တာချီလိတ်မြို့နယ်တစ်ခုလုံးအနေနဲ့ကတော့ ပြည်သူ့စစ်ထဲကို ဝင်ချင်သူကတော့ အတော်ကို နည်းပါတယ်။ ဒီမှာက သိတဲ့အတိုင်း တရားမဝင်လုပ်ငန်းလုပ်နေတဲ့ လူတစ်ချို့က  ပြည်သူ့စစ်ခေါင်းဆောင် နေရာကို ယူထားကြတယ်။  နောက်ပြီး သေနတ်ကိုင်ချင်လို့ ပြည်သူ့စစ်ထဲ ဝင်ကြတဲ့ အစဉ်အလာလည်းရှိခဲ့သလို ခုလည်းရှိနေတယ်။ အဲ့လိုလူတွေကို စစ်တပ်အနေနဲ့ ဟိုနား ကင်းသွားစောင့် ဒီလမ်းနား ကင်းသွားစောင့်ဆိုပြီး ခိုင်းလို့မရဘူး။  ဒါပေမဲ့ တပ်က  ငွေလိုရင်တော့ အဲ့လို လူတွေနား တောင်းလို့ရတာပေါ့။  ဟိုနားကင်းသွားစောင့် ဒီနားကင်းသွားစောင့်ဆိုပြီး ခိုင်းလို့ရတာကတော့ ကျေးရွာတွေက ရွာသားတွေပေါ့။ သူတို့လည်း ဘုမသိ ဘမသိနဲ့ ပြည်သူ့စစ်ထဲ ဝင်ကြရတာလည်းရှိတယ်။ ကျေးရွာသားတွေက အဓိကနဲ့ သာမည ကွဲကွဲပြားပြားနားမလည်ကြတာ များပါတယ်"ဟု တာချီလိတ်ဒေသခံ တစ်ဦးက ပြောသည်။

တာချီလိတ်မြို့နယ်တွင် တာချီလိတ် - မိုင်းဆတ် နယ်နိမိတ်ရှိ ကြိုးတံတားပြည်သူ့စစ်အဖွဲ့ တည်နေရာကနေ တာလေမြို့အထိပြည်သူ့စစ်တပ်ဖွဲ့ဝင် (၃၅)ဖွဲ့ဝန်းကျင်ရှိရာတွင် တစ်ဖွဲ့လျှင် အမာခံအနေဖြင့် (၁၀)ဦးဝန်းကျင် နှင့် အရန်မှာ အနည်းဆုံး (၂၀)ဦးအထက်ရှိရာ တာချီလိတ်မြို့နယ်၏ ပြည်သူ့စစ်တပ်ဖွဲ့ဝင် အင်အားမှာ တာချီလိတ်ခရိုင်တစ်ခုလုံးစာ ရဲတပ်ဖွဲ့ဝင် အင်အားထက် နှစ်ဆပိုများသည့်အတွက် (၁၅၀၀)ဝန်းကျင်အထိ ရှိကြောင်း ၂၀၂၂ခုနှစ်အထိ စာရင်းများအရ သိရသည်။