မူးယစ်ဆေးစွဲနေသည့် သားဖြစ်သူကို ဖခင်က ရာဘာခြံတွင် ပစ်သတ်ပြီးနောက် ရဲတပ်ဖွဲ့ထံ ကိုယ်တိုင် အဖမ်းခံ

မူးယစ်ဆေးစွဲနေသည့် သားဖြစ်သူကို ဖခင်က ရာဘာခြံတွင် ပစ်သတ်ပြီးနောက် ရဲတပ်ဖွဲ့ထံ ကိုယ်တိုင် အဖမ်းခံ
By Mr John

ထိုင်းနိုင်ငံတွင် မူးယစ်ဆေးစွဲနေသည့် သားဖြစ်သူကို ရာဘာခြံအတွင်း သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီးနောက် ဖခင်က ရဲတပ်ဖွဲ့ထံ ကိုယ်တိုင် အဖမ်းခံခဲ့သည့် ဖြစ်ရပ် ဖြစ်ပွားခဲ့သည်။ 

ထိုင်းနိုင်ငံ ‌တောင်ပိုင်း နခွန်ဆီသာမရတ်ပြည်နယ် ရွန်ဖီဘွန်မ်ခရိုင်ရှိ ရာဘာစိုက်ခင်းတစ်ခုတွင် အငြင်းအခုံဖြစ်ကာ စကားများခဲ့ပြီးနောက် ဖခင် ဖြစ်သူက မူးယစ်ဆေးစွဲနေသည့် အသက် (၃၀) နှစ်အရွယ်  သားဖြစ်သူကို ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။

၂၀၂၄ ခုနှစ် မတ်လ (၈) ရက်နေ့ နံနက်ပိုင်းတွင် ထိုဖြစ်ရပ် ဖြစ်ပွားကြောင်း သတင်းရရှိပြီးနောက် ရွန်ဖီဘွန်မ် ရဲစခန်းမှ စုံစမ်းစစ်ဆေးရေး အရာရှိ ရဲဗိုလ်မှူး Sanya Klomsuk နှင့် ကယ်ဆယ်ရေးဝန်ထမ်းများ ရာဘာစိုက်ခင်းသို့ အလျင်အမြန် သွားရောက်ခဲ့ကြသည်။ 

၎င်းတို့ ရောက်ရှိချိန်တွင် (၉) မမ ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်ခံထားရပြီး သေဆုံးနေသည့် Phurinat ၏ အလောင်းကို တွေ့ရသည်။

သေဆုံးသူသည် ဓာတ်မီးပါသည့် ခေါင်းစွပ်ကို ဆောင်းထားပြီး ၎င်း၏အနီးတွင် ရာဘာအစေးခြစ်သည့် ဓား (၂) ချောင်းကို တွေ့ရှိခဲ့သည်။ 

သေဆုံးသူ၏ အသက်(၅၇)ခုနှစ်ရှိ ဖခင်ဖြစ်သူ Thawat က အခင်းဖြစ်နေရာ၌ပင် ရဲအရာရှိများထံ ကိုယ်တိုင် အဖမ်းခံခဲ့သည်။ 

ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းမှုအတွင်း ၎င်းနှင့် သားဖြစ်သူတို့မှာ သန်းခေါင်ကျော်ပြီး မကြာမီ ရာဘာအစေးခြစ်နေကြသော်လည်း နောက်ပိုင်းတွင် အချေအတင်ဖြစ်ကာ စကားများခဲ့ကြသည်ဟု ဖခင်က ပြောသည်။

သားဖြစ်သူမှာ မက်သာအမ်ဖက်တမင်း ပါဝင်သော မူးယစ်ဆေးကြောင့် ထင်ယောင်ထင်မှား ဖြစ်နေပြီး ၎င်းကို ရာဘာအစေးခြစ်သည့် ဓားဖြင့် ရန်ရှာသဖွယ် လုပ်လာကြောင်း သိရသည်။ 

ထို့ကြောင့် ထိခိုက်မခံရစေရန် သားဖြစ်သူကို သေနတ်ဖြင့် ထိုနေရာတွင် ပစ်ခတ်ခဲ့ကြောင်း Thawat က ထွက်ဆိုသည်။ 

သားဖြစ်သူ၏ မူးယစ်ဆေးစွဲနေမှုကြောင့် မိသားစုတွင် မကြာခဏ ပဋိပက္ခဖြစ်ကာ  စကားများခဲ့ကြောင်းလည်း ၎င်းက ပြောသည်။



Source: Bangkok Post