ဝက်တွေက ဂီတကို ခံစားတတ်သလား

Photo:  REUTERS/Bart Biesemans
Photo: REUTERS/Bart Biesemans
ဝက်တွေက ဂီတကို ခံစားတတ်သလား
ဇူလိုင် 27, 2022 | နိုင်ငံတကာသတင်း
By Mr John

မတူညီသည့် ဂီတအမျိုးအစားများက ၎င်းမွေးမြူထားသည့် ဝက်များ၏ အပြုအမူအပေါ် သက်ရောက်မှုရှိကြောင်း လယ်သမားတစ်ဦးက ပြောကြားမှုအပေါ် ဘယ်လ်ဂျီယံနိုင်ငံမှ သိပ္ပံပညာရှင်များ စုံစမ်းစစ်ဆေး သုတေသနပြုနေကြသည်။ 

ထိုဖြစ်စဥ်ကို ၎င်း၏သားဖြစ်သူက ဝက်မများကို မေထုန်မဲ့သားစပ်ပေးမှုအတွင်း တေးသွားတစ်ပုဒ်ကို စတင်သီဆိုခဲ့စဥ် ပထမဆုံး သတိထားမိခဲ့ကြောင်း Piet Paesmans အမည်ရှိ အမျိုးသားက ပြောသည်။

သားဖြစ်သူ၏ သီချင်းဆိုသံနှင့်အတူ ဝက်များက အမြီးလှုပ်လာခဲ့သည်ဟု ဆိုသည်။ 

"ဒါက အရမ်းကောင်းပါတယ်။ ကျွန်တော်တို့ တခြား ဝက်တွေနဲ့လည်း စမ်းကြည့်သင့်တယ်" ဟု ဘရပ်ဆဲလ်မြို့နှင့် ဒတ်ချ်နယ်စပ်ကြားရှိ ၎င်း၏ စိုက်ပျိုးမွေးမြူးရေးခြံကနေ Reuters သတင်းဌာနကို ပြောခဲ့သည်။ 

ထိုနောက်ပိုင်းတွင် ၎င်းက နေ့တစ်နေ့၏ မတူညီသည့်အချိန်များအလိုက် သီချင်းများဖွင့်ပေးခဲ့ကြောင်း သိရသည်။

ဝက်များကို တက်ကြွလှုပ်ရှားစေလိုပါက ခွန်အားဖြစ်စေသည့် သီချင်းဖွင့်ပေးပြီး အိပ်ချိန်ရောက်ပါက ကလေးချော့တေး ဖွင့်ပေးသည်ဟု ဆိုသည်။ 

"Jolly အကသီချင်းတွေကို သူတို့အကြိုက်ဆုံးပဲ။ သူတို့က တကယ်ပဲ အမြီးလေးတွေ လှုပ်လာကြပြီး တကယ်ကို တက်ကြွနေကြတာ။ လှည့်ပတ်ကပြီး ပျော်မြူးနေကြတယ်။ Rock သီချင်းတွေကတော့ အရမ်းပြင်းလွန်းတော့ သူတို့ အဲဒါကို မကြိုက်ကြဘူး" ဟု Paesmans က ပြောသည်။

ထို့နောက် လယ်သမား Paesmans က ၎င်းတွေ့ကြုံရမှုကို စုံစမ်းစစ်ဆေးရန် ဥရောပသမဂ္ဂ ရန်ပုံငွေအဖွဲ့တစ်ခုနှင့် ဘယ်လ်ဂျီယံရှိ Flanders နယ်မြေမှ ဘဏ္ဍာရေးအထောက်အပံ့ ယူရို ၇၅,၀၀၀ ရရှိထားသည့် သုတေသီအဖွဲ့တစ်ဖွဲ့ထံ အကြောင်းကြားခဲ့သည်။ 

စီမံကိန်းညှိနှိုင်းရေးမှူး Sander Palmans ၏ အဆိုအရ ဂီတကို ဝက်များ၏ တုံ့ပြန်မှုနှင့် ပတ်သက်၍ များစွာသိမထားသော်လည်း Paesmans ၏ အတွေ့အကြုံနှင့် အသံများက ယေဘုယျအားဖြင့် တိရိစ္ဆာန်များအအပေါ် သက်ရောက်မှုရှိကြောင်း သိနားလည်ထားမှုတို့ တိုက်ဆိုင်ကြောင်း သိရသည်။

"အသံဗလံတွေက တိရိစ္ဆာန်တွေအပေါ် သက်ရောက်မှုတစ်ခုရှိတယ်ဆိုတာက သံသယဖြစ်စရာ မရှိပါဘူး။ ဒါကြောင့် ဂီတကလည်း အလားတူ သက်ရောက်မှုရှိတာ အမှန်တကယ် ဖြစ်နိုင်ပါတယ်။ ဂီတက စိတ်ဖိစီးမှုနဲ့ ဆက်နွယ်နေတဲ့ ငြီးငွေ့မှုကို သက်သာစေပါတယ်" ဟု Sander က ပြောသည်။ 

တိရိစ္ဆာန်များတွင် စိတ်ဖိစီးမှုက အသားအရည်အသွေးအပေါ် သက်ရောက်မှုရှိရာ ယခုတွေ့ရှိမှုများက ဝက်မွေးမြူရေးလုပ်ငန်းတွင် လက်တွေ့ကျသည့် အကျိုးသက်ရောက်မှုများရှိနိုင်ကြောင်း Paesmans က ဆိုသည်။

"ထိပ်တန်းကစားသမားတစ်ယောက်က ရုပ်ပိုင်းဆိုင်ရသာမကဘဲ စိတ်ပိုင်းဆိုင်ရာပါ ကြံ့ခိုင်မှုအပြည့်ရှိဖို့လိုပါတယ်။ ပြီးတော့ ဒါက ဝက်တွေအတွက်လည်း အတူတူပဲဗျ။ သူတို့ အသတ်ခံတဲ့အခါ သူတို့မှာ စိတ်ဖိစီးမှုတွေ အလွန်များတာ တွေ့နိုင်ပါတယ်။ ဒါက အသားအရည်အသွေးအတွက် အမှန်တကယ် အရေးကြီးပါတယ်" ဟု ၎င်းက ရှင်းပြသည်။ 

သုတေသနရလဒ်ကို ယခုနှစ်ကုန်ပိုင်းတွင် သိရှိနိုင်မည်ဟု မျှော်လင့်ထားသည်။

Source: Reuters