ဆားဘီးယားနိုင်ငံတွင်  လူအစုလိုက်အပြုံလိုက်ကို ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် လက်နက်အပ်ရန် ကြေညာခဲ့ရာ လက်နက် (၁၅,၀၀၀) ကျော် လာရောက်အပ်နှံ

ဆားဘီးယားနိုင်ငံတွင်  လူအစုလိုက်အပြုံလိုက်ကို ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် လက်နက်အပ်ရန် ကြေညာခဲ့ရာ လက်နက် (၁၅,၀၀၀) ကျော် လာရောက်အပ်နှံ
By Mr John

 ဆားဘီးယားနိုင်ငံတွင် မေလအစောပိုင်းက (၂) ရက်အတွင်း လူအစုလိုက်အပြုံလိုက်ကို ပစ်ခတ်မှု (၂) ခု ဖြစ်ပွားခဲ့ပြီးနောက် အစိုးရက တစ်လအတွင်း မိမိသဘောဆန္ဒအလျောက် လက်နက်များအပ်နှံကြရန် ကြေညာခဲ့ရာ လက်နက် (၁၅,၀၀၀) ကျော်၊ ဖောက်ခွဲရေးပစ္စည်း (၂,၅၀၀) ကျော်နှင့် ထောင်ပေါင်းများစွာသော ကျည်ဆန်များ လာရောက်အပ်နှံခဲ့ကြကြောင်း သိရသည်။

၂၀၂၃ခုနှစ် မေလ (၃) ရက်နေ့က ဆားဘီးယားမြို့တော် ဘဲလ်ဂရိတ်မြို့ရှိ Vladislav Ribnikar အခြေခံပညာစာသင်ကျောင်းတွင် အသက် (၁၃) နှစ်အရွယ် ယောက်ျားလေးတစ်ဦး၏ အတန်းဖော်များကို ဖခင်ဖြစ်သူ၏ ပစ္စတိုသေနတ်နှစ်လက်သုံးပြီး ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။ 

ထိုပစ်ခတ်မှုအတွင်း ကနဦးတွင် မိန်းကလေး (၇)ဦး၊ ယောက်ျားလေးတစ်ဦးနှင့် ကျောင်းလုံခြုံရေးအစောင့်တစ်ဦး သေဆုံးခဲ့သည်။ 

ပစ်ခတ်မှုကြောင့် ဒဏ်ရာရခဲ့သည့် အသက် (၁၀) နှစ်အရွယ် မိန်းကလေးတစ်ဦး မေလ (၁၅) ရက်နေ့တွင် သေဆုံးသွားခဲ့ရာ စုစုပေါင်း သေဆုံးသူ (၁၀) ဦးရှိလာခဲ့သည်။

ထို့နောက် မေလ (၄)ရက်နေ့ ညပိုင်းတွင်လည်း အသက် (၂၁) နှစ်အရွယ် အမျိုးသားတစ်ဦးက ဘဲလ်ဂရိတ်မြို့တော် တောင်ဘက်ရှိ Dubona ကျေးရွာတွင် အော်တိုမတ်တစ် သေနတ်တစ်လက်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူ (၈) ဦး သေဆုံးပြီး (၁၄) ဦး ဒဏ်ရာရခဲ့သည်။ 

ဆားဘီးယားမှာ ကမ္ဘာတဝန်းတွင် သေနတ်ကိုင်ဆောင်သူ အများဆုံး နိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း လူအစုလိုက်အပြုံလိုက်ကို ပစ်ခတ်မှုဖြစ်စဥ်များ အလွန်ရှားပါးကြောင်း သိရသည်။



Source: CNN

Photo: Oliver Bunic/AFP/Getty Images, GETTY IMAGES,  AP,