စစ်သင်္ဘော ပေါက်ကွဲနစ်မြုပ်ခဲ့ပြီးနောက် တတိယကမ္ဘာစစ် စတင်ပြီဟု ရုရှားနိုင်ငံပိုင် ရုပ်သံသတင်းဌာနက ပြော

စစ်သင်္ဘော ပေါက်ကွဲနစ်မြုပ်ခဲ့ပြီးနောက် တတိယကမ္ဘာစစ် စတင်ပြီဟု ရုရှားနိုင်ငံပိုင် ရုပ်သံသတင်းဌာနက ပြော
By Mr John

 လက်ရှိဖြစ်ပွားနေသည့် ယူကရိန်းနှင့်စစ်ပွဲသည် တတိယကမ္ဘာစစ်အဖြစ် အရှိန်မြင့်လာခဲ့ကြောင်း ရုရှားနိုင်ငံပိုင် ရုပ်မြင်သံကြားသတင်းဌာနတစ်ခုက ပြောကြားလိုက်သည်ဟု ဆိုသည်။

ပင်လယ်နက်အတွင်း ရုရှား၏ အရေးပါသည့် စစ်သင်္ဘော ပေါက်ကွဲပျက်စီး နစ်မြုပ်သွားခဲ့ပြီးနောက် ဧပြီ (၁၅) ရက်နေ့က Russia-1 ရုပ်သံသတင်းဌာန၏ သတင်းတင်ဆက်သူ Olga Skabeyeva က ထို့သို့ ပြောခဲ့ခြင်းလည်း ဖြစ်သည်။



ရုရှားက NATO မဟာမိတ်အုပ်စု၏ အခြေခံအဆောက်အအုံကို တိုက်ခိုက်နေခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းက အလေးပေး ပြောကြားခဲ့သည်ဟု ဆိုသည်။

စစ်ပွဲသည် တတိယကမ္ဘာစစ်အဖြစ်သို့ အရှိန်မြင့်ခဲ့သည်မှာ လုံးဝသေချာကြောင်း၊ ယခုအခါ ရုရှားက ‌NATO ကိုယ်တိုင်နှင့် မဟုတ်လျှင် NATO အခြေခံအဆောက်အအုံနှင့် တိုက်ခိုက်နေရသည်မှာ သေချာကြောင်းနှင့် ထိုအချက်ကို အသိအမှတ်ပြုရန်လိုကြောင်း သတင်းတင်ဆက်သူ Olga Skabeyeva က ပြောခဲ့သည်။



ရုရှားအတွက် ယခုစစ်ပွဲတွင် အရေးပါသည့် ဒုံးကျည်ပစ် ခရူဇာစစ်သင်္ဘော Moskva မှာ ဧပြီ (၁၄) ရက်နေ့တွင် ပေါက်ကွဲမှုဖြစ်ပြီး နစ်မြုပ်သွားခဲ့သည်။

ထိုစစ်သင်္ဘော ပေါက်ကွဲနစ်မြုပ်မှုမှာ မိမိတို့ဘက်က Neptune သင်္ဘောဖျက် ခရုစ်ဒုံးကျည်နှစ်စင်းဖြင့် ပစ်ခတ်ခဲ့မှုကြောင့်ဖြစ်ကြောင်း ယူကရိန်းက ထုတ်ပြန်သည်။

သို့သော် ရုရှားဘက်ကမူ စစ်သင်္ဘောပေါ်တွင် မတော်တဆ မီးလောင်မှုကြောင့် ခဲယမ်းမီးကျောက် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု ဆိုသည်။



ပြီးခဲ့သည့် မတ်လအတွင်း NBC News ၏ အင်တာဗျူးတစ်ခုတွင်လည်း ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီး တတိယကမ္ဘာစစ်အကြောင်း ပြောခဲ့ဖူးသည်ဟု ဆိုသည်။

ရုရှားကျူးကျော်မှုနှင့်အတူ တတိယကမ္ဘာစစ် စတင်နေခဲ့နိုင်သည်ဟု သမ္မတဇီလန်းစကီးက ပြောခဲ့သည်။

"တတိယကမ္ဘာစစ် စတင်ခဲ့ပြီလားဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ ပြီးတော့ ယူကရိန်း ရှုံးနိမ့်သွားခဲ့မယ်ဆိုရင် ဒီစစ်ပွဲရဲ့ ဖြစ်နိုင်ခြေက ဘာဖြစ်မလဲ ဒါက ပြောဖို့သိပ်ခက်ပါတယ်" ဟု ၎င်းကဆိုသည်။

"ဒုတိယကမ္ဘာစစ် စတင်ခဲ့ချိန် လွန်ခဲ့တဲ့ နှစ်ပေါင်း (၈၀)တုန်းက ကျွန်တော်တို့ ဒါကို မြင်တွေ့ခဲ့ဖူးပြီ။ အလုံးစုံ စစ်ပွဲ ဘယ်အချိန်မှာ စတင်မလဲဆိုတာ ဘယ်သူမှ ခန့်မှန်းလို့ မရပါဘူး" ဟု ယူကရိန်းသမ္မတဇီလန်းစကီးက NBC News နှင့် အင်တာဗျူးတွင် ပြောခဲ့ကြောင်း သိရသည်။



Source: NBC News, LiveMint, NDTV