ယူကရိန်းစစ်ပွဲ အစီအစဥ်အတိုင်းမဖြစ်ဘဲ အချိန်ရှည်ကြာနေကြောင်း ပူတင်၏မ ဟာမိတ် ဘီလာရုစ်သမ္မတ ဝန်ခံ

ယူကရိန်းစစ်ပွဲ အစီအစဥ်အတိုင်းမဖြစ်ဘဲ အချိန်ရှည်ကြာနေကြောင်း ပူတင်၏မ ဟာမိတ် ဘီလာရုစ်သမ္မတ ဝန်ခံ
By Mr John

 ရုရှား၏ အဓိကမဟာမိတ် အာဏာရ ဘီလာရုစ်ခေါင်းဆောင် အလက်ဇန်ဒါ လူကာရှင်ကိုက ယူကရိန်းစစ်ပွဲကို ကာကွယ်ပြောကြားခဲ့ပြီး အစီအစဥ်အတိုင်း ဖြစ်မနေကြောင်း ဝန်ခံခဲ့သည်။

ယူကရိန်းတွင် ရုရှား၏ စစ်ဆင်ရေးမှာ လိုအပ်သည်ထက် အချိန်ပိုမိုရှည်ကြာနေကြောင်း ဘီလာရုစ်သမ္မတ လူကာရှင်ကိုက AP သတင်းဌာနကို ပြောခဲ့သည်။

ရုရှားနှင့် နယ်နမိတ်ချင်း ထိစပ်နေသည့် ဘီလာရုစ်သို့ ရုရှားတပ်ဖွဲ့များ စေလွှတ်ခဲ့ပြီး ထိုမှတစ်ဆင့် ယူကရိန်းကို ကျူးကျော်ခဲ့ခြင်း ဖြစ်သည်။

ဘီလာရုစ်တွင် အငြင်းပွားမှုဖြစ်ခဲ့သည့် သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံခြင်းကို ဆန္ဒပြမှုများ အကြီးအကျယ် ပေါ်ပေါက်ခဲ့ပြီးနောက် ၂၀၂၀ ခုနှစ်အတွင်း လူကာရှင်ကို အာဏာဆက်လက်ရရှိစေရန် ရုရှားသမ္မတ ဗလာဒီမာပူတင်က ကူညီခဲ့သည်။

အပြန်အလှန်အားဖြင့် ဘီလာရုစ်၏ ကာလရှည်ကြာ ခေါင်းဆောင်ဖြစ်သူ လူကာရှင်ကိုက ယူကရိန်းကို ရုရှားကျူးကျော်မှုအား ထောက်ခံခဲ့သည်။ လူကာရှင်ကိုသည် ပူတင်၏ အစေခံတစ်ဦးသာသာဖြစ်ပြီး ကြံရပါဖြစ်ကြောင်း ဝေဖန်သူတွေက ပြောဆိုကြသည်။

ယူကရိန်းက ရုရှားကို ရန်စနေခဲ့တာကြောင့် ရုရှားခေါင်းဆောင်အနေဖြင့် စစ်ဆင်ရေးလုပ်ရန်မှကလွဲပြီး ရွေးချယ်စရာမရှိခဲ့ကြောင်း AP နှင့် အင်တာဗျူးတွင် လူကာရှင်ကိုက ပြောသည်။

သို့သော် ထိုစစ်ဆင်ရေးမှာ စီစဥ်ထားသည့်အတိုင်း မဖြစ်မနေကြောင်းနှင့် အချိန်ပိုမိုရှည်ကြာနေသည်ဟု ခံစားရကြောင်း ၎င်းကဆိုသည်။

၎င်းအနေဖြင့် စစ်ပွဲပြီးဆုံးစေလိုကြောင်းနှင့် စစ်ပွဲကိုရပ်တန့်ရန် ဘီလာရုစ်နိုင်ငံက လုပ်နိုင်သမျှအားလုံးကို လုပ်ဆောင်ခဲ့ပြီး လုပ်ဆောင်နေဆဲလည်းဖြစ်ကြောင်း လူကာရှင်ကိုက ပြောသည်။

ယူကရိန်းစစ်ပွဲတွင် ရုရှားက နျူကလီးယားလက်နက်များ သုံးနိုင်မှုအပေါ် မေးမြန်းရာတွင် ၎င်းတို့နိုင်ငံနှင့် ဘေးကပ်လျက်မှာရှိနေတာကြောင့် လက်မခံနိုင်ကြောင်း၊ သို့သော် ရုရှားက ထိုလက်နက်များသုံးရန် ရည်ရွယ်ထားသလားဆိုသည်ကို မသိကြောင်း ဘီလာရုစ်သမ္မတက ဆိုသည်။

ဘီလာရုစ်က ရုရှားတပ်ဖွဲ့များကို နိုင်ငံအတွင်း အခြေစိုက်ခွင့်ပြုထားသော်လည်း စစ်ပွဲတွင် ၎င်း၏တပ်ဖွဲ့များကို စေလွှတ်ထားခြင်း မရှိကြောင်း သိရသည်။

၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအပြီးတွင် အနောက်အုပ်စုက ဘီလာရုစ်ကို အရေးယူပိတ်ဆို့မှုများ ချမှတ်ထားခဲ့ပြီး ယခု ယူကရိန်းစစ်ပွဲတွင်လည်း ရုရှားကို ကူညီနေမှုကြောင့် နောက်ထပ် အရေးယူပိတ်ဆို့မှုများကို ရင်ဆိုင်နေရသည်။

ကုလသမဂ္ဂတွင် အရေးပေါ် မဲခွဲခဲ့ရာတွင် ရုရှား၏ ကျူးကျော်မှုကို ရုရှားကို ထောက်ခံခဲ့သည့် လက်တစ်ဆုပ်စာမျှ နိုင်ငံများအနက် ဘီလာရုစ်လည်း ပါဝင်ခဲ့သည်။ ထိုမဲခွဲမှုအတွင် ကုလသမဂ္ဂအဖွဲ့ဝင် (၁၉၃) နိုင်ငံအနက် (၁၄၁) နိုင်ငံက ယူကရိန်းကို ရုရှား၏ ကျူးကျော်စစ်ဆင်မှုအား ရှုတ်ချကြောင်း ထောက်ခံမဲပေးခဲ့ကြသည်။

 

Source: BBC