ထိုင်းနိုင်ငံတွင် Grade 9 ကျောင်းသားက Grade 10 ကျောင်းသား (၂) ဦးကို သေနတ်ဖြင့် ပစ်ခတ်

ထိုင်းနိုင်ငံတွင် Grade 9 ကျောင်းသားက Grade 10 ကျောင်းသား (၂) ဦးကို သေနတ်ဖြင့် ပစ်ခတ်
By Mr John

ထိုင်းနိုင်ငံတွင် အသက် (၁၆) နှစ်အရွယ် ကျောင်းသား (၂) ဦးကို ဘူရီရမ်မြို့ Nong Ki ခရိုင်ရှိ ၎င်းတို့၏ ကျောင်းမှ အသက် (၁၅) နှစ်အရွယ် ကျောင်းသားတစ်ဦးက ပုဂ္ဂိုလ်ရေးပဋိပက္ခနှင့် ပတ်သက်၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဒဏ်ရာရပြီး ဆေးရုံရောက်သွားကြောင်း သိရသည်။ 

၂၀၂၄ ခုနှစ် မတ်လ (၆) ရက်နေ့ မွန်းလွဲပိုင်းအချိန် နေ့လယ်စာ စားချိန်အတွင်း စာသင်ကျောင်းဘေးရှိ Wat Chai Mong khon ဘုရားကျောင်းတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 Grade 10 ကျောင်းသား (၂) ဦးမှာ (၉) မမ ပစ္စတိုဖြင့် ပစ်ခတ်ခံရပြီးနောက် ဒဏ်ရာပြင်းထန်စွာရခဲ့ပြီး Nong Ki ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ခဲ့ရသည်။ 



Arthit ဟုသာ သိရသည့် ကျောင်းသားတစ်ဦးမှာ ဝမ်းဗိုက်နှင့် ညာဘက် ခြေထောက်တွင် သေနတ်ဒဏ်ရာရပြီး Petch ဟု သိရသည့် အခြား ကျောင်းသားမှာ ဦးခေါင်းအနောက်ဘက်ကို ပစ်ခတ်ခံခဲ့ရခြင်းဖြစ်၍ အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေ ဖြစ်ခဲ့သည်။ 

 

ပစ်ခတ်မှုဖြစ်ပွားသည့် နေရာတွင် ကျည်ခွံ (၅) ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး ပစ္စတိုသေနတ်ကိုလည်း ဘုရားကျောင်းရှိ ရေကန်တစ်ကန်မှ ပြန်ဆယ်ယူရရှိခဲ့သည်။

ထိုကျောင်းသားက ပြစ်မှုကျူးလွန်းကြောင်း ဝန်ခံခဲ့ပြီး ပစ္စတိုသေနတ်ကို အွန်လိုင်းမှတစ်ဆင့် ဘတ် (၄,၀၀၀) ဖြင့် ဝယ်ယူခဲ့ကြောင်း ထွက်ဆိုခဲ့သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ပစ်ခတ်ခဲ့သည့် ကျောင်းသားမှာ Grade 9 ကျောင်းသားတစ်ဦးဖြစ်ပြီး ပစ်ခတ်ခံရသူ (၂) ဦးလုံးနှင့် ကာလရှည်ကြာ ပုဂ္ဂိုလ်ရေးပဋိပက္ခ ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ 

ပစ်ခတ်မှု ဖြစ်ပွားသည့်နေ့တွင် ဒဏ်ရာရသွားသည့် ကျောင်းသား (၂) ဦးအနက်မှ တစ်ဦးက ၎င်းကို လက်ခလယ်ထောင်ပြပြီး "မင်းကို မုန်းတယ်။ ဘုရားကျောင်းမှာ တွေ့မယ်" ဟု ပြောဆိုခဲ့ကြောင်း ပစ်ခတ်မှု ကျူးလွန်ခဲ့သည့် Grade 9 ကျောင်းသားက ထွက်ဆိုသည်။ 

၎င်းက ပစ္စတိုသေနတ်ကို အိတ်တစ်လုံးတွင်ထည့်ကာ ဝှက်ယူသွားပြီး Grade 10 ကျောင်းသား (၂) ဦးကို ၎င်းကို တိုက်ခိုက်ရန် ကြိုးပမ်းချိန်တွင် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ၎င်းတို့၏ စစ်ဆေးတွေ့ရှိချက်ကို ရှင်းလင်းပြောကြားထားသည်။

Source: Bangkok Post