ကမ္ဘာ့အပူစပ်ဆုံး ငရုတ်သီးအဖြစ် သတ်မှတ်ထားသည့် ကာရိုလိုင်းနား ရီပါ (Carolina Reaper) ငရုတ်သီး အတောင့် (၅၀) ကို အမြန်ဆုံး စားနိုင်သူအဖြစ် ကနေဒါနိုင်ငံသား မိုက်ဂျက်က ဂင်းနစ်ကမ္ဘာ့စံချိန်သစ်တင်ခဲ့သည်။
မိုက်က ကမ္ဘာ့အပူစပ်ဆုံး ကာရိုလိုင်းနား ရီပါ ငရုတ်သီး အတောင့် (၅၀) ကို (၆) မိနစ်နှင့် (၄၉.၂) စက္ကန့်အတွင်း စားပြခဲ့ပြီး စံချိန်သစ်တင်ခဲ့ကြောင်း ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်း အဖွဲ့အစည်း (Guinness World Records) က ၂၀၂၃ ခုနှစ် စက်တင်ဘာလ (၂၆) ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
အပူစပ်ဆုံး ငရုတ်သီး အတောင့် (၅၀) ကို စားပြီး ဂင်းနစ်စံချိန်သစ်တင်ခဲ့ပြီးသော်လည်း မိုက်က နောက်ထပ် (၈၅) တောင့်ကို ထပ်စားခဲ့သေးပြီး စုစုပေါင်း အပူစပ်ဆုံး ငရုတ်သီး (၁၃၅) တောင့်ကို တစ်ထိုင်းတည်းဖြင့် စားခဲ့ကြောင်း သိရသည်။
"ပထမဆုံး စားတဲ့ ငရုတ်သီးတောင့်က အဆိုးဆုံးပဲ။ ဒုတိယ တစ်ခုကျတော့ သိပ်မဆိုးတော့ဘူး" ဟု မိုက်က ပြောသည်။
အပူစပ်ဆုံး ငရုတ်သီးကြောင့် ၎င်း၏ပါးစပ်တွင် ခံစားရမှုက ဗိုက်နာခြင်းလောက် မဆိုးဟုလည်း မိုက်က ဆိုသည်။
မိုက်က ဂင်းနစ်စံချိန်သစ်တင်ရန် ပျမ်းမျှ (၈) စက္ကန့်လျှင် ငရုတ်သီးတစ်တောင့် စားခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာ့အပူစပ်ဆုံး ငရုတ်သီး (၁၃၅) တောင့်ကို စားခဲ့ပြီးနောက် မိုက်က တစ်ထိုင်တည်းဖြင့် အပူစပ်ဆုံး ငရုတ်သီး အများဆုံး စားနိုင်သူများကို မှတ်တမ်းတင်နေသည့် League of Fire Reaper Challenge ၏ ဦးဆောင်သူများ စာရင်းတွင် နံပါတ် (၂) နေရာသို့ ရောက်လာခဲ့သည်။
တစ်ထိုင်တည်းဖြင့် ကမ္ဘာ့အပူစပ်ဆုံး ငရုတ်သီး အများဆုံး စားနိုင်သူအဖြစ် နံပါတ် (၁) နေရာတွင် ဦးဆောင်ထားသူမှာ ဩစတြေးလျနိုင်ငံသား Gregory ‘Iron Guts’ Barlow ဆိုသူဖြစ်ပြီး ၎င်းက တစ်ထိုင်တည်းဖြင့် ငရုတ်သီး (၁၆၀) တောင့်ကို စားခဲ့ကြောင်း သိရသည်။
Source: Guinness World Records
Photo: Guinness World Records