ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဒုက္ခသည်စခန်း မီးလောင်မှုကြောင့် ရိုဟင်ဂျာမွတ်စလင်မ် ဒုက္ခသည် (၁၂,၀၀၀) ကျော် အိုးအိမ်မဲ့ဖြစ်

 ကော့ဇ်ဘဇားဒုက္ခသည်စခန်းတွင် မီးလောင်နေစဉ် [ Photo: REUTERS/Ro Yassin Abdumonab ]
ကော့ဇ်ဘဇားဒုက္ခသည်စခန်းတွင် မီးလောင်နေစဉ် [ Photo: REUTERS/Ro Yassin Abdumonab ]
ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဒုက္ခသည်စခန်း မီးလောင်မှုကြောင့် ရိုဟင်ဂျာမွတ်စလင်မ် ဒုက္ခသည် (၁၂,၀၀၀) ကျော် အိုးအိမ်မဲ့ဖြစ်
By Mr John

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းရှိ ကော့ဇ်ဘဇားဒုက္ခသည်စခန်းတွင် မီးလောင်မှု အကြီးအကျယ် ဖြစ်ပွားခဲ့မှုကြောင့် ရိုဟင်ဂျာမွတ်စလင်မ် (၁၂,၀၀၀) ကျော် အိုးအိမ်မဲ့ဖြစ်ခဲ့ကြရကြောင်း ကုလသမဂ္ဂက ပြောသည်။ 

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး United Nations High Commissioner for Refugees (UNHCR) ၏ ပြောကြားမှုအရ ၂၀၂၃ခုနှစ် မတ်လ (၅) ရက်နေ့က ဖြစ်ပွားခဲ့သည့် ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်မှုအတွင်း တဲအိမ် (၂,၀၀၀) ကျော်နှင့် ဆေးရုံဆေးခန်းများ၊ စာသင်ခန်းများ အပါအဝင် အဆောက်အအုံ (၉၀) ကျော် မီးလောင် ပျက်စီးသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားခဲ့သည့် ကော့ဇ်ဘဇားဒုက္ခသည်စခန်းတွင် ရိုဟင်ဂျာဒုက္ခသည် (၁) သန်းကျော် နေထိုင်လျက်ရှိပြီး အများစုမှာ မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်အတွင်း စစ်တပ်က နယ်မြေရှင်းလင်းရေး ခေါင်းစဥ်ဖြင့် လုပ်ဆောင်ခဲ့သည့် နှိပ်ကွက်မှုကနေ ထွက်ပြေးခဲ့ကြရသူများ ဖြစ်သည်။ 

ကော့ဇ်ဘဇားဒုက္ခသည်စခန်း မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းအရင်းကို ဘင်္ဂလားဒေ့ရှ်အစိုးရက စုံစမ်းစစ်ဆေးနေကြောင်း ဒုက္ခသည်ကယ်ဆယ်ရေးနှင့် နေရပ်ပြန်ပို့ရေးဆိုင်ရာ အကြီးအကဲ Mohammad Mizanur Rahman က ဆိုသည်။

"စုံစမ်းစစ်ဆေးမှု အစီရင်ခံစာရတဲ့ အချိန်ကျရင် ဒီမီးလောင်မှုက အဖျက်အမှောင့်လုပ်ရပ်ဟုတ် မဟုတ်ဆိုတာ ရှင်းသွားပါလိမ့်မယ်" ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။ 

ယာယီဆောက်လုပ်ထားသည့် တဲအိမ်များနှင့် လူများ ပြွတ်သိပ်နေသည့် ကော့ဇ်ဘဇားဒုက္ခသည်စခန်းတွင် မီးလောင်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ 

ထိုဒုက္ခသည်စခန်းတွင် ၂၀၂၁ ခုနှစ် မတ်လအတွင်းကလည်း မီးလောင်မှုကြီးတစ်ခု ဖြစ်ပွားခဲ့မှုကြောင့် ဒုက္ခသည် အနည်းဆုံး (၁၅) ဦး သေဆုံးပြီး အိမ် (၁၀,၀၀၀) ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

"မြန်မာနိုင်ငံမှာ ကျွန်တော်တို့ရဲ့ အိမ်တွေ မီးရှို့ခံခဲ့ရတယ်။ အခု ဒီမှာလည်း အဲဒီအတိုင်းပဲ ကျွန်တော်တို့ ကြုံနေရတယ်" ဟု အသက် (၂၄) နှစ်အရွယ် Shafiur Rahman က ပြောသည်။ 

ဒုက္ခသည်များအတွက် ပိုမိုလုံခြုံသည့် နေရာထိုင်ခင်း စီစဥ်ပေးရန် Amnesty Internationl (AI) အဖွဲ့က ဘင်္ဂလားဒေ့ရှ်အစိုးရကို တောင်းဆိုခဲ့သည်။ 

"လူအများကြီးကို လုံခြုံမှုမရှိ၊ လူတွေပြွတ်သိပ်နေတဲ့ အခြေအနေမှာ လက်ခံထိန်းသိမ်းထားမှုရဲ့ အန္တရာယ်ကို အစိုးရက သိသင့်ပြီး ရိုဟင်ဂျာတွေအတွက် လုံလောက်ပြီး လုံခြုံမှုရှိတဲ့ နေထိုင်စရာ စီစဥ်ပေးဖို့ လုပ်ဆောင်သင့်ပါတယ်" ဟု AI ၏ အရှေ့တောင်အာရှဆိုင်ရာ တာဝန်ရှိသူ Yasasmin Kaviratne က ပြောသည်။

ဒုက္ခသည်စခန်းတွင် နေထိုင်ရမှု အခြေအနေ ခက်ခဲဆိုးရွားမှုနှင့် မြန်မာနိုင်ငံသို့ ပြန်ခွင့်ရရန် မသေချာမှုတို့ကြောင့် ဘင်္ဂလားဒေ့ရှ်မှ မလေးရှားနှင့် အင်ဒိုနီးရှားကဲ့သို့ နိုင်ငံများသို့ စက်လှေများဖြင့် အသက်စွန့် ထွက်ခွာနေကြသည့် ရိုဟင်ဂျာဒုက္ခသည်များ ပိုမိုးများပြားလာသည်။ 

၂၀၂၂ ခုနှစ်တွင် အန္တရာယ်ရှိသည့် ပင်လယ်ပြင်ခရီးအတွင်း ရိုဟင်ဂျာဒုက္ခသည် (၃၄၈) ဦး သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ စာရင်းအချက်အလက်များအရ သိရှိရသည်။

Source: Reuters