ထိုင်းအစိုးရ၏ ဘတ် ၃၀ ကျန်းမာရေးစောင့်ရှောက်မှုအစီအစဥ် ရယူသူများကို အပတ်စဥ် ကွန်ဒုံးအခမဲ့ဝေမည်

ထိုင်းအစိုးရ၏ ဘတ် ၃၀ ကျန်းမာရေးစောင့်ရှောက်မှုအစီအစဥ် ရယူသူများကို အပတ်စဥ် ကွန်ဒုံးအခမဲ့ဝေမည်
By Mr John

ထိုင်းနိုင်ငံတွင် အစိုးရ၏ ဘတ် ၃၀ ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်ရယူထားသည့် အရွယ်ရောက်ပြီးသူများအား ကျန်းမာရေးစောင့်ရှောက်မှုဌာနက ကွန်ဒုံး သန်း (၁၀၀) နီးပါး အခမဲ့ဝေပေးသွားရန် စီစဉ်နေကြောင်း သိရသည်။

ကျန်းမာရေးစောင့်ရှောက်မှုအစီအစဥ်မှ Gold Card ကိုင်ဆောင်သူများအနေဖြင့် ချောဆီပါဝင်သော ကွန်ဒုံးများကို Paotang စမတ်ဖုန်း အက်ပလီကေးရှင်းမှတစ်ဆင့် ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှစ၍ စာရင်းပေးသွင်း ရယူနိုင်မည်ဟု NHSO အထွေထွေညွှန်ကြားရေးမှူး Jadej Thammatacharee က ဇန်နဝါရီလ (၂၂) ရက်နေ့တွင် ပြောသည်။

မလိုချင်သော ကိုယ်ဝန်ရရှိမှုနှင့် လိင်ပိုင်းဆိုင်ရာ ရောဂါကူးစက်မှုများကို တားဆီးကာကွယ်ရန် အထိရောက်ဆုံးလုပ်ဆောင်ချက်အဖြစ် ကွန်ဒုံးပေးဝေရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အစီအစဉ်အရ သတ်မှတ်ချက်ပြည့်မီသူများ အနေဖြင့် ၂၀၂၃ ခုနှစ် တစ်နှစ်ပတ်လုံး တစ်ပတ်လျှင် ကွန်ဒုံး (၁၀) ခု လက်ခံရရှိမည်ဖြစ်ပြီး အရွယ်အစား (၄) မျိုး ရွေးချယ်နိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

 ကွန်ဒုံး ရယူလိုသူများအနေဖြင့် Paotang စမတ်ဖုန်း အက်ပလီကေးရှင်းတွင် မှတ်ပုံတင် စာရင်းပေးသွင်းနိုင်ပြီးနောက် နီးစပ်ရာ သတ်မှတ်ထားသော ဆေးဆိုင်များ၊ ဆေးခန်းများ သို့မဟုတ်  အစိုးရ ကျန်းမာရေးဌာနများတွင် ကွန်ဒုံးများကို အခမဲ့ရယူနိုင်ကြမည် ဖြစ်ကြောင်း သိရသည်။

စမတ်ဖုန်းမရှိသူများအနေဖြင့် မှတ်ပုံတင်ပြ၍ သက်ဆိုင်ရာ ဌာနများတွင် စာရင်းပေးသွင်းနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

ကွန်ဒုံးယူရန်အတွက် သက်မှတ်နေရာများသို့ သွားရောက်ရန် အဆင်မပြေသည့် Gold Card ကိုင်ဆောင်သူများအတွက် ကွန်ဒုံးထုတ်ပေးသော စက်များကို နေရာစုံတွင် ထားရှိပေးသွားရန်ကိုလည်း NHSO က ဆောင်ရွက်နေသည်ဟု သိရသည်။

အလိုအလျောက် ကွန်ဒုံး ထုတ်ပေးတဲ့စက်တွေကို ပတ္တယား၊ ချောင်ဘူရီက နေရာ (၃) ခုမှာ ဖေဖေါ်ဝါရီလ (၁၄) ရက် ချစ်သူများနေ့ (Valentine's Day) မတိုင်မီ တပ်ဆင်ထားရှိသွားပါမယ်။ နောက်ပိုင်းမှာလည်း နိုင်ငံရဲ့ အခြားနေရာတွေမှာ ကွန်ဒုံးထုတ်ပေးတဲ့စက်တွေ နောက်ထပ် တပ်ဆင်ထားရှိသွားပါမယ်

 ဟု NHS မှ ဒေါက်တာ Jadej က ပြောသည်။

မလိုချင်သော ကိုယ်ဝန်ရရှိမှုနှင့် လိင်ပိုင်းဆိုင်ရာ ရောဂါကူးစက်မှုတို့မှ တားဆီးကာကွယ်ရန်အတွက် ကွန်ဒုံးအသုံးပြုမှု များပြားလာစေရန် ယခုအစီအစဉ်က အကူအညီဖြစ်စေလိမ့်မည်ဟု အာဏာပိုင်များက မျှော်လင့်ထားကြောင်းလည်း ဒေါက်တာ Jadej က ဆိုထားသည်။



Source: Bangkok Post