ပြင်သစ်သမ္မတရွေးကောက်ပွဲ ဒုတိယအကျော့တွင် လီပင် နှင့် မက်ခရွန်တို့ ယှဥ်ပြိုင်မည်

ပြင်သစ်သမ္မတရွေးကောက်ပွဲ ဒုတိယအကျော့တွင် လီပင် နှင့် မက်ခရွန်တို့ ယှဥ်ပြိုင်မည်
By Mr John

ပြင်သစ်သမ္မတရွေးကောက်ပွဲ ပထမအကျော့တွင် လက်ရှိသမ္မတ အီမန်နျူရယ် မက်ခရွန်က အနိုင်ရခဲ့ပြီး လက်ယာစွန်းဝါဒီ ပြိုင်ဘက် မာရီနီလီပင်က သမ္မတရာထူးအတွက် မက်ခရွန်ကို ဒုတိယအကျော့ ယှဥ်ပြိုင်သွားမည် ဖြစ်သည်။ 

"အမှား မလုပ်ပါနဲ့။ အဆုံးအဖြတ် မဖြစ်သေးပါဘူး" ဟု မက်ခရွန်က အောင်ပွဲခံနေသည့် ၎င်းအားထောက်ခံသူတွေကို ပြောသည်။

ရွေးကောက်ပွဲ ပထမအကျော့အပြီးတွင် မက်ခရွန် အနိုင်ရခဲ့သော်လည်း ဒုတိယအကျော့ အဆုံးအဖြတ်အဖြစ် ယှဥ်ပြိုင်မှုက ပိုမို အကြိတ်အနယ်ရှိလာနိုင်ကြောင်း စစ်တမ်းများက ဆိုသည်။ 

မစ္စလီပင်က မက်ခရွန်ကို မဲမပေးသူတိုင်း ၎င်းကို မဲပေးကြရန် တောင်းဆိုခဲ့သည်။ 

ပထမအကျော့ မဲလက်မှတ်များ ၉၇ ရာခိုင်နှုန်း ရေတွက်ပြီးစီးချိန်တွင် မက်ခရွန်က ထောက်ခံမဲ ၂၇.၆ ရာခိုင်နှုန်း၊ လီပင်က ၂၃.၄၁ ရာခိုင်နှုန်းနှင့် Jean-Luc Mélenchon က ၂၁.၉၅ ရာခိုင်နှုန်းဖြင့် ထိပ်ဆုံးသုံးဦးအဖြစ် အသီးသီး ရရှိခဲ့ကြသည်။ 

ပြင်သစ်သမ္မတရွေးကောက်ပွဲကို ကိုယ်စားလှယ်လောင်း (၁၂) ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး ၎င်းတို့သုံးဦးသာ ထောက်ခံမဲ ၁၀ ရာခိုင်နှုန်းအထက် ရရှိခဲ့ခြင်းလည်း ဖြစ်သည်။

ထောက်ခံမဲရာခိုင်နှုန်း အများဆုံးရရှိခဲ့သည့် လက်ရှိသမ္မတ မက်ခရွန်နှင့် လီပင်တို့ ယှဥ်ပြိုင်ရမည့် ဒုတိယအကျော့ ရွေးကောက်ပွဲကို ဧပြီ (၂၄) ရက်တွင် ကျင်းပသွားမည် ဖြစ်သည်။ ယခုအခါ မက်ခရွန်နှင့် လီပင်တို့က ဒုတိယအကျော့ ရွေးကောက်ပွဲအတွက် အပြိုင်အဆိုင် စည်းရုံးနေကြပြီဟု ဆိုသည်။

၂၀၁၇ ခုနှစ် သမ္မတရွေးကောက်ပွဲတွင်လည်း မက်ခရွန်နှင့် လီပင်တို့ အဓိက ပြိုင်ဘက်များအဖြစ် ယှဥ်ပြိုင်ခဲ့ဖူးပြီး မက်ခရွန်က အနိုင်ရပြီး သမ္မတဖြစ်လာခဲ့သည်။

 

Source: CNN, BBC