ဆင့်ခေါ်စာကို အကြောင်းမပြန်ပါက ဒုရဲချုပ်ကို ဖမ်းဝရမ်းထုတ်ရန် ထိုင်းရဲတပ်ဖွဲ့က စဥ်းစားနေ

ဆင့်ခေါ်စာကို အကြောင်းမပြန်ပါက ဒုရဲချုပ်ကို ဖမ်းဝရမ်းထုတ်ရန် ထိုင်းရဲတပ်ဖွဲ့က စဥ်းစားနေ
By Mr John

 အွန်လိုင်းလောင်းကစားလုပ်ငန်းများနှင့် ပတ်သက်၍ ရာထူးမှ ဆိုင်းငံ့ခံထားရပြီး ဗြိတိန်သို့ အပန်းဖြေခရီးထွက်နေသည့် ထိုင်းရဲတပ်ဖွဲ့ ဒုရဲချုပ်  ဆူရာချိတ် (Big Joke)အား ဒုတိယအကြိမ် ဆင့်ခေါ်စာ ပေးပို့ထားပြီး အကြောင်းပြန်လာခြင်း မရှိပါက ရဲတပ်ဖွဲ့အနေဖြင့် ဖမ်းဝရမ်းထုတ်ရန် စဉ်းစားနေကြောင်း သိရသည်။

ထိုင်းရဲတပ်ဖွဲ့ ဒုရဲချုပ်  ဆူရာချိတ် (Big Joke)အား ၎င်း၏ နေအိမ်နှင့်ရုံးခန်းသို့ ပထမအကြိမ်အဖြစ် ၂၀၂၄ခုနှစ် မတ်လ(၂၁)ရက်နေ့က ဆင့်ခေါ်စာ ပေးပို့ထားသော်လည်း အကြောင်းပြန်ခြင်း မရှိ၍ မတ်လ(၂၂)ရက်နေ့တွင်လည်း ထပ်မံ၍ ဆင့်ခေါ်စာ ပို့ထားခြင်း ဖြစ်ကြောင်း သိရသည်။

ဆင့်ခေါ်စာကို လက်ခံရရှိကြောင်း နှင့် ငွေကြေးခဝါချမှုနှင့် ဆက်စပ်သော စွဲချက်ကို သိရှိကြောင်း  ၂၀၂၄ ခုနှစ် မတ်လ (၂၆) ရက်နေ့တွင် မြို့တော်ရဲဌာန၏ ဌာနခွဲ (၂) သို့ လာရောက် အသိပေး အကြောင်းကြားရန် လိုမည်ဖြစ်ပြီး အသိပေးအကြောင်းကြားခြင်းမရှိပါက  ဖမ်းဝရမ်းထုတ်ရန် စဥ်းစားသွားမည်ဟု ရဲတပ်ဖွဲ့က ပြောထားသည်။ 

 ဆင့်ခေါ်စာပေးပို့ထားသည့် ကာလအတွင်း၌ ထိုင်းရဲတပ်ဖွဲ့ ဒုရဲချုပ်  ဆူရာချိတ် (Big Joke)မှာ မိသားစုနှင့်အတူ ဗြိတိန်သို့ အပန်းဖြေခရီးထွက်နေခြင်းဖြစ်ပြီး ၎င်းအနေဖြင့် ၂၀၂၄ ခုနှစ် ဧပြီလ (၁) ရက်နေ့တွင် ဗြိတိန်ကနေ ပြန်လာမည်ဟု  ဆူရာချိတ် က ဆိုသည်။

 ဆူရာချိတ် ကမူ ၎င်းအနေဖြင့် ရဲချုပ် Torasak Sukvimol နှင့် ဝန်ကြီးချုပ်ရုံး၏ အမြဲတမ်း အတွင်းဝန် Teerapong Wongsiwawilas တို့ကို ၎င်း၏ လုပ်သက်ခွင့်နှင့် ပတ်သက်၍ သတင်းပို့ထားကြောင်း မီဒီယာကို ဖုန်းဖြင့် ပြောကြားခဲ့သည်။ 

ထိုင်းရဲတပ်ဖွဲ့ ဒုရဲချုပ်  ဆူရာချိတ် ၏ ငွေအလွှဲအပြောင်းနှင့် ၂၀၂၃ခုနှစ်က ဖြိုခွင်းခဲ့သည့် အွန်လိုင်းလောင်းကစားလုပ်ငန်း BNK Master တို့ကြား ဆက်နွယ်မှုကို စုံစမ်းစစ်ဆေးရေးမှူးများက ဖော်ထုတ်တွေ့ရှိခဲ့ပြီးနောက် ယခုကိစ္စ ပေါ်ပေါက်လာခဲ့သည်။ 

 

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး အခြား ရဲအရာရှိ (၃) ဦးနှင့် အရပ်သားတစ်ဦးတို့ကို ဖမ်းဆီးထားပြီး ဖြစ်သည်။

 

ဒုရဲချုပ်က တရားမဝင် အွန်လိုင်းလောင်းကစား လုပ်ငန်းတစ်ခုတွင် ပါဝင်ပတ်သက်နေကြောင်း စွပ်စွဲမှုများနှင့်အတူ ထိုင်းရဲတပ်ဖွဲ့အတွင်း အာဏာလွန်ဆွဲမှု ကောလဟလများ ထွက်ပေါ်လာခဲ့ပြီးနောက် ထိုင်းဝန်ကြီးချုပ် ဆရတ်သာ သာဗီစင်က ရဲချုပ်နှင့် ဒုရဲချုပ်တို့ကို ၂၀၂၄ ခုနှစ် မတ်လ (၂၀) ရက်နေ့တွင် ရာထူးမှ ယာယီဆိုင်းငံ့လိုက်ပြီး ဝန်ကြီးချုပ်ရုံးသို့ ရွှေ့ပြောင်းကာ ကော်မတီဖွဲ့၍ စုံစမ်းစစ်ဆေးမည် ဖြစ်သည်။

 

Source: Bangkok Post