တာချီလိတ်မြို့တွင် အွန်လိုင်းလောင်းကစားနေရာကနေ ဖမ်းခံထားရသည့် မြန်မာလူငယ် (၅၄၀)ထဲက အသက်(၁၈)နှစ်အောက် လူငယ် (၅၈)ဦးကို ပြန်လွတ်ပေးရန် တရားရုံးသို့ ပို့ဆောင်

တာချီလိတ်မြို့တွင် အွန်လိုင်းလောင်းကစားနေရာကနေ ဖမ်းခံထားရသည့် မြန်မာလူငယ် (၅၄၀)ထဲက အသက်(၁၈)နှစ်အောက် လူငယ် (၅၈)ဦးကို ပြန်လွတ်ပေးရန် တရားရုံးသို့ ပို့ဆောင်
မတ် 8, 2024 | ရှမ်းရှေ့

 မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်း 1G1 ဟိုတယ် အနောက်ဘက်ရှိ အွန်လိုင်းလောင်းကစားလုပ်ငန်းနေရာကနေ ဖမ်းဆီးခံထားရသည့် မြန်မာလူငယ်များအနက်  အသက်(၁၈)နှစ်အောက် လူငယ် (၅၈)ဦးအား ပြန်လွှတ်ပေးရေးအတွက် တာချီလိတ်မြို့နယ်တရားရုံးသို့ အချုပ်ကား(၂)စီးဖြင့် ခေါ်ဆောင်သွားကြောင်း သိရသည်။

ယနေ့ ၂၀၂၄ခုနှစ် မတ်လ(၈)ရက်နေ့ နံနက်(၁၁)နာရီဝန်းကျင်အချိန်က ဆေခမ်းရပ်ကွက်ကနေ ဝမ်ကောင်းရပ်ကွက်အတွင်းရှိ မြို့နယ်တရားရုံသို့  အချုပ်ကား(၂)စီးဖြင့် ခေါ်ဆောင်သွားခြင်း ဖြစ်သည်။

"အချုပ်ကား(၂)စီးနဲ့ အပြည့်တင်သွားတာတွေ့လို့ လိုက်ကြည့်တာ လမ်းတစ်လမ်းလုံး ကားမောင်းတာ အတော်ကြမ်းတယ်။ ဟွန်းကလည်း အတော်တီးပြီး မောင်းသွားတာ။ အခုတော့ တရားရုံးရှေ့မှာ မော်တော်ပီကယ်တွေနဲ့ လမ်းပိတ်ထားတယ်။ အချုပ်ကားနဲ့ကတော့ တရားရုံးထဲ ဝင်သွားတယ်၊ တရားရုံးဘက်ကို ကွေ့မဲ့ လမ်းမှာတော့ မော်တော်ပီကယ်က လမ်းပိတ်ထားတယ်။ ကွေ့ဝင်လာမဲ့ ကားတွေကို အော်လွတ်နေတယ်"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

1G1 ဟိုတယ် အနောက်ဘက်ရှိ အွန်လိုင်းလောင်းကစားလုပ်ငန်းနေရာကို ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၂၃)ရက်နေ့ အကူးပိုင်းအချိန်တွင် တြိဂံတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးအမိန့်ဖြင့် ကျိုင်းတုံတပ်နယ်က ကျားဖြန့်လုပ်ငန်းအထင်ဖြင့်  လာရောက်ဖမ်းဆီးရာမှ တရုတ်နိုင်ငံသား (၁)ဦး၊ ထိုင်းနိုင်ငံသူ (၇၃)ဦး၊ ထိုင်းနိုင်ငံသား(၇၄)ဦး နှင့် မြန်မာနိုင်ငံသူ (၃၆၇)ဦး၊ မြန်မာနိုင်ငံသား (၁၇၃)ဦး စုစုပေါင်း (၆၈၉)ဦး ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား လူငယ် စုစုပေါင်း (၅၄၀)ဦးထဲက အသက်(၁၈)နှစ်အောက် လူငယ်များကို အရင်ဆုံး လွှတ်ပေးရန်အတွက် တာချီလိတ်မြို့နယ်တရားရုံးသို့ ပို့ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုလို ဖမ်းဆီးခံထားရသည့် မြန်မာလူငယ်များနှင့် ပတ်သက်ပြီး  ၎င်းတို့၏ ရှေ့ရေးကို သနားငဲ့ညှာရှေးရှုပေးပြီး လွတ်ပေးရန်အတွက် တာချီလိတ်မြို့မှ မြို့မိမြိဖများနှင့်လုပ်ငန်းရှင်များက  တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူးထံ တင်ပြထားကြောင်း သိရသည်။

ဖမ်းဆီးခံထားရသည့် ထိုင်းနိုင်ငံသားများကိုလည်း လဝက ဥပဒေဖြင့် တရားရုံးတွင် ငွေဒဏ်သတ်မှတ်ပြီးနောက် ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးရန် လုပ်ဆောင်နေလျှက်ရှိကြောင်းလည်း သိရသည်။

လွတ်ပေးရန်ကျန်ရှိသည့် မြန်မာလူငယ် (၄၈၀)ကျော်အတွက်လည်း ရပ်နီး ရပ်ဝေးမှ ၎င်းတို့၏ မိဘ နှင့် မိသားစုဝင်များက စိုးရိမ်ပူပန်နေလျှက်ရှိကြောင်း သိရသည်။