တာချီလိတ်မြို့ရှိ စားသောက်ကုန်လုပ်ငန်းများ တရားဝင် မှတ်ပုံတင်နိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်

တာချီလိတ်မြို့ရှိ စားသောက်ကုန်လုပ်ငန်းများ တရားဝင် မှတ်ပုံတင်နိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်
မတ် 2, 2020
By Tachileik News Agency
တာချီလိတ်မြို့ရှိ စားသောက်ကုန်လုပ်ငန်းများ တရားဝင် မှတ်ပုံတင်နိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင်း စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းရှင်များ တရားဝင်မှတ်ပုံတင်မှုများ ပြုလုပ်နိုင်ရေးအတွက် ရှမ်းပြည်နယ် အသေးစားစက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာနမှ တာချီလိတ်မြို့ စားသုံးသူရေးရာဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်မှုများ ပြုလုပ်ပေးနေကြောင်း သိရသည်။

"စားသုံးသူရေးရာဦးစီးဌာနနဲ့ ဆက်သွယ်ထားပါတယ်။ သူတို့နဲ့ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်။ မှတ်ပုံတင် လုပ်တော့မယ်ဆိုရင် သူတို့ကိုယ်တိုင် တောင်ကြီးကို လာစရာ မလိုပါဘူး။ စားသုံးသူရေးရာဦးစီးဌာနကို ချိတ်ဆက်ပြီး ကျွန်တော်တို့ဒါတွေထုတ်နေပါတယ်။ မှတ်ပုံတင်ချင်ပါတယ်ဆိုတာနဲ့ ပစ္စည်းတွေကို ကျွန်တော့်ဆီကားနဲ့ပို့လို့ရပါတယ်။ ချက်ခြင်း ပုပ်သိုးပျက်စီးလွယ်တဲ့ ပစ္စည်းတွေဆိုရင် လေယာဉ်နဲ့ပို့လို့ရပါတယ်။ ရောက်တာနဲ့ ကျွန်တော်တို့က ဓာတ်ခွဲခန်းထဲမှာ တခါတည်းဓာတ်ခွဲပါတယ်။ ဓာတ်ခွဲရတဲ့အဖြေ အောင်ပြီဆိုရင် သူတို့ဆီကလိုအပ်တဲ့စာရွက်စာတမ်းတွေနဲ့ အစည်းအဝေးမှာ ဆက်ပြီးတင်ပြမယ်။ သူတို့ကိုယ်တိုင်လာစရာလည်း မလိုသလို လူတစ်ယောက်လာရမယ့်စရိတ်လည်း သက်သာပါတယ်"ဟု ရှမ်းပြည်နယ် အသေးစားစက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

အသေးစားစက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင်သာ ရုံးခန်းဖွင့်လှစ်ထားပြီး ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့များတွင် ရုံးခွဲဖွင့်လှစ်ထားနိုင်ခြင်း မရှိသေးသည့်အတွက် လုပ်ငန်းရှင်များအဆင်ပြေစေရန်အတွက် တာချီလိတ်မြို့ စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပြီး တရားဝင်မှတ်ပုံတင်နိုင်ရေး လုပ်ဆောင်နေကြောင်း သိရသည်။ 

"သူတို့က ဘာကြောင့်တင်ချင်လည်းဆိုတော့ ဟိုဘက်ကမ်းက စားသုံးသူတွေက မှတ်ပုံတင်၊ တရားဝင်ခွင့်ပြုချက်မရှိတဲ့ အတွက်ကြောင့် ဝယ်မသုံးတဲ့ အခက်အခဲတွေရှိနေတယ်လို့ သူတို့ကပြောပါတယ်။ ကျွန်တော်တို့ဆီမှာ မှတ်ပုံတင်လိုက်တာနဲ့ မှတ်ပုံတင်နံပါတ်လေးကို ထုတ်ကုန်တံဆိပ်ပေါ်မှာ ထည့်ရိုက်လိုက်ပြီးတာနဲ့  တရားဝင်ဓာတ်ခွဲစစ်ဆေးအောင်မြင်ပြီးသော မှတ်ပုံတင်ထားသောလုပ်ငန်းဆိုတာ အတည်ပြုထားပြီးဖြစ်ပါတယ်။ ဒါဆိုရင် သူတို့ဒီဈေးကွက်ထဲမှာရော၊ နောက်မြန်မာတစ်နိုင်ငံလုံးမှာကို သူတို့စားသုံးသူရှိတဲ့နေရာတွေထိဖြန့်ဝေလို့ရပါတယ်"ဟု ရှမ်းပြည်နယ် အသေးစားစက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

တာချီလိတ်မြို့တွင် စားသောက်ကုန်များထုတ်လုပ်နေသည့် မုန့်တိုက်များတွင် မှတ်ပုံတင်ထားမှုမရျိသေးသည့်အတွက် ရှမ်းပြည်နယ် အသေးစားစက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာနနှင့် တာချီလိတ်မြို့ စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းပြီး တာချီလိတ်မြို့တွင်းရှိ မုန့်တိုက်များကို အသိပညာပေးမှုများလုပ်ဆောင်မှုကို ၂၀၂၀ ခုနှစ် ဖောဖော်ဝါရီလ (၂၈) ရက်နေ့တွင် လုပ်ဆောင်နေကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~