ကျိုင်းတုံမြို့တွင် အမျိုးသားတစ်ဦးအား ပုဒ်မ ၅၀၅ နှင့် အကြမ်းဖက် ဥပဒေအပြင် တရုတ်ယွမ်ငွေကိုင်ဆောင်၍ဟုဆိုကာ ပုဒ်မ (၃)ခုဖြင့် စရဖ က အမှုဖွင့်

ကျိုင်းတုံမြို့တွင် အမျိုးသားတစ်ဦးအား ပုဒ်မ ၅၀၅ နှင့် အကြမ်းဖက် ဥပဒေအပြင် တရုတ်ယွမ်ငွေကိုင်ဆောင်၍ဟုဆိုကာ ပုဒ်မ (၃)ခုဖြင့် စရဖ က အမှုဖွင့်
နိုဝင်ဘာ 27, 2021 | ရှမ်းရှေ့
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် အမျိုးသားတစ်ဦးအား ဆန္ဒပြပွဲတွင် ကိုယ်တိုင်ဦးဆောင်ပါဝင်ခဲ့၍ဟုဆိုကာ ပုဒ်မ ၅၀၅-က အပြင် အကြမ်းဖက် ဥပဒေ၊ နိုင်ငံခြားငွေ ကိုင်ဆောင်မှု ဥပဒေတို့ဖြင့် ပုဒ်မ (၃)ခုတပ်ကာ စရဖက ဖမ်းဆီးအမှုဖွင့်လိုက်ကြောင်း သိရသည်။

 ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၂၅)ရက်နေ့  နံနက်ပိုင်းက စရဖဟု ယခင်က ခေါ်သည့် စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့(တြိဂံတိုင်း)မှ တပ်ကြပ်ကြီး မိုးကျော်သူ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့၊ အမှတ်(၃)ရပ်ကွက်၊ မြို့သစ်ရပ်၊ အရှေ့မြို့ပတ်လမ်းတွင် နေထိုင်သူ အသက်(၄၇)နှစ်အရွယ် ဦးချစ်လန်(ခ)ပေါလို ဆိုသူ၏ နေအိမ်အား သွားရောက်ရှာဖွေရာ နေအိမ်တွင် ၎င်းအားတွေ့ရှိ၍ မေးမြန်းစရာရှိသည်ဟုဆိုကာ စရဖနေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်ကြောရေး ပြုလုပ်ကြောင်း သိရသည်။

စစ်မေးစရာ ရှိလိုဆိုပြီး ခေါ်သွားတယ်။   ခေါ်သွားပြီး ခဏကြာတော့ ကားတစ်စီး ထပ်ရောက်လာပြီး  ပစ္စည်းတွေ ကွန်ပျူတာတွေ အကုန်သယ်သွားတယ်လို့ သိရတယ်။

ဟု ရပ်ကွက်တွင်းနေသူ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

ဖမ်းဆီးခံရသည့်  ဦးချစ်လန်(ခ)ပေါလိုအား စရဖ က ရိုက်နှက်စစ်ဆေးမှုများ ပြုလုပ်ရာတွင် ၎င်းကိုင်ဆောင်သည့် ဖုန်းအတွင်းမှ Facebook အကောင့်တွင် အာဏာသိမ်းစစ်တပ်အား ဆန့်ကျင်မှုများ ရေးသားဖြန့်ဝေခြင်း၊ လှုံ့ဆော်ရေးသားမှုများပြုလုပ်ခြင်းအပြင် Twitter တွင် CPRH အား ထောက်ခံခြင်းများ အပြင် နေအိမ်အတွင်းရှိ ခရီးဆောင်အိတ်အတွင်းမှ တရုတ် ယွမ်ငွေ စုစုပေါင်း (၄,၇၀၀)ကို ရှာဖွေတွေ့ရ၍ဟုဆိုကာ စရဖ မှ တပ်ကြပ်ကြီး မိုးကျော်သူ က တရားလို ပြုလုပ်ကာ ကျိုင်းတုံမြို့မရဲစခန်းတွင် ပုဒ်မ (၃)ခုဖြင့် အမှုဖွင့်လှစ်လိုက်ကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် ဦးချစ်လန်(ခ)ပေါလိုအား စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့(တြိဂံတိုင်း)မှ တပ်ကြပ်ကြီး မိုးကျော်သူက တရားလို ပြုလုပ်ကာ ကျိုင်းတုံမြို့မရဲစခန်းတွင် (ပ)၂၁၇/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် လည်းကောင်း၊ (ပ)၂၁၈/၂၀၂၁၊ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဖြင့် လည်းကောင်း၊ (ပ)၂၁၉/၂၀၂၁၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုအက်ဥပဒေ - ၄၂ ဖြင့် လည်းကောင်း   ပုဒ်မ (၃)ခုဖြင့် အမှုဖွင့်လိုက်ခြင်း ဖြစ်သည်။

ဆရာချစ်လန်ကို ကြာသပတေးနေ့က ဖမ်းသွားပြီး မနေ့ ညက ပုဒ်မ (၃)ခုနဲ့ အမှုဖွင့်တယ်လို့ကြားထားတယ်။ ၅၀၅-က တွေ အကြမ်းဖက်ဥပဒေတွေကတော့ သူတို့ ဖွင့်ချင်သလို ဖွင့်နေကြတာပါပဲ။ တရုတ်ငွေနဲ့ ပတ်သက်ပြီး ပြောရရင် ကျိုင်းတုံမှာက တရုတ်ငွေ ကိုင်ကြတာလည်း ရှိတာပဲ။ အခုလို တရုတ်ငွေ ကိုင်လို့ နိုင်ငံခြားငွေ ဥပဒေနဲ့ အမှု ထပ်ဖွင့်တာကတော့ မဖြစ်သင့်ပါဘူး။ အဲ့လိုဆို အကုန်ဖမ်းရမဲ့သဘောဖြစ်နေတယ်။ အခုလိုသာ စစ်တပ်က အမှုဖွင့်ချင်သလို ဖွင့်တာမျိုး လုပ်နေရင်တော့ ပြည်သူကတော့ ရွံပြီးရင်း ရွံနေဦးမှာပဲဗျာ။ နောက်ပြီး ကျိုင်းတုံကလည်း ငြိမ်နေပါပြီလေ၊ ဘာလို့ ခုမှ ထဖမ်းနေတာလဲ

ဟု ကျိုင်းတုံဒေသခံ တစ်ဦးက Tachileik News Agency သို့ နိုဝင်ဘာလ(၂၇)ရက်နေ့တွင် ပြောသည်။

ကျိုင်းတုံမြို့တွင် အာဏာသိမ်းစစ်တပ်အား ဆန့်ကျင်သူဟု ယူဆရသူများကို  စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့(တြိဂံတိုင်း)က တခါတရံတွင် ရဲတပ်ဖွဲ့မပါဘဲ ဖမ်းဆီးမှုများအထိ ရှိပြီး စရဖတပ်သို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးမှ ညှင်းပမ်းနှိပ်စက် စစ်ဆေးပြီးနောက် ရဲစခန်းသို့ အပ်ကာ မည်သည့် ပုဒ်မဖြင့် အမှုဖွင့်ရန်ကိုပါ ရဲတပ်ဖွဲ့အား ညွှန်ကြားသည်အထိ ရှိသည်ဟုလည်း သိရသည်။