မယ်ဆိုင် - တာချီလိတ် လမ်းကြောင်းမှ နေရပ်ပြန်သည့် မြန်မာရွှေ့ပြောင်းလုပ်သားများတွင် မြန်မာသံရုံးသို့ စာရင်းမပေးသူ များနေ၍ လက်ခံရေးတွင် နှောင့်နှေးမှုဖြစ်

မယ်ဆိုင် - တာချီလိတ် လမ်းကြောင်းမှ နေရပ်ပြန်သည့် မြန်မာရွှေ့ပြောင်းလုပ်သားများတွင် မြန်မာသံရုံးသို့ စာရင်းမပေးသူ များနေ၍ လက်ခံရေးတွင် နှောင့်နှေးမှုဖြစ်
ဇူလိုင် 8, 2020
By Tachileik News Agency
မယ်ဆိုင် - တာချီလိတ် လမ်းကြောင်းမှ နေရပ်ပြန်သည့် မြန်မာရွှေ့ပြောင်းလုပ်သားများတွင် မြန်မာသံရုံးသို့ စာရင်းမပေးသူ များနေ၍ လက်ခံရေးတွင် နှောင့်နှေးမှုဖြစ်

မယ်ဆိုင် - တာချီလိတ်လမ်းကြောင်းမှ နေရပ်ပြန်မည့် ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများတွင် သံရုံးသို့ စာရင်းမပေးဘဲ မိမိအစီအစဉ်ဖြင့် မယ်ဆိုင်သို့လာရောက်စောင့်ဆိုင်းသူများ၍ မြန်မာဘက် လက်ခံရေးတွင် နှောင့်နှေးမှုများ ဖြစ်လာကြောင်း သိရသည်။

မယ်ဆိုင်ဘက်မှ တာချီလိတ်ဘက်သို့ ပြည်တော်ပြန်ဝင်ရောက်မည့် မြန်မာလုပ်သား (၁၆၆)ဦးစာရင်းကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၇)ရက်နေ့ညနေအထိ စာရင်းပေးသွင်းထားသော်လည်း ညပိုင်းတွင် မိမိအစီအစဉ်ဖြင့် မယ်ဆိုင်သို့ ထပ်မံရောက်ရှိလာသူများရှိနေ၍ သံရုံးတွင် စာရင်းထပ်မံပေးသွင်းရခြင်းအပြင် လူဦးရေ (၂၅၇)ဦးအထိ တိုးလာ၍ တိုင်းနှင့်ပြည်နယ်အသီးသီးသို့ ပြန်ပို့ရန် မော်တော်ယာဉ်များ ချိတ်ဆက်စီစဉ်ရေးအတွက် ပြည်နယ်အစိုးရထံ အသေးစိတ်စာရင်းပို့ရန် ထပ်မံစိစစ်ရသဖြင့် မူလအစီအစဉ်ထက် အချိန်များစွာနှောင့်နှေးကြန့်ကြာမှုဖြစ်ခဲ့ရခြင်းဖြစ်သည်။

သူတို့တွေ တောင်ကြီးကိုရောက်ရင် ဆက်သွားရမယ့် တိုင်းနဲ့ပြည်နယ် ကားတွေ စီစဉ်ရပါတယ်။ လောလော ဆယ်တော့ ကျွန်တော်တို့ဆီက စာရင်းကောက်ယူရတာပြီးတာနဲ့ ညတွင်းချင်း စာရင်းပေးပို့ရပါတယ်

ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံက COVID 19 ကာကွယ်ရေးအတွက် နယ်စပ်ဂိတ်များကို ပိတ်ထားဆဲဖြစ်ရာ နေရပ်ပြန်လိုသည့် မြန်မာများအနေဖြင့် နယ်စပ်ဖြတ်သန်းခွင့်အတွက် မြန်မာအလုပ်သမားသံရုံးမှတစ်ဆင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနထံ စာရင်းပေးပို့ရန် လိုအပ်ကြောင်း သိရသည်။

အခုနောက်ပိုင်းမှာ သူ့အစီအစဉ်နဲ့သူ ဝင်လာတဲ့သူများတယ်။ သံရုံးကို စာရင်းပေးတဲ့သူ နည်းတယ်။ သံရုံးကိုစာရင်းပေးပြီးလာတဲ့အခါမှာ သံရုံးက ထောက်ခံချက်ထုတ်ပေးတဲ့အတွက် လမ်းခရီးမှာအခက်အခဲ မဖြစ်ဘူးပေါ့။ ထိုင်းနိုင်ငံခြားရေးက လမ်းကဂိတ်တွေအကုန်လုံးကို အကြောင်းကြားထားပါတယ်

ဟု ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ မြန်မာအလုပ်သမားသံအရာရှိ ဦးဇော်မင်းထွေးက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ မြန်မာသံရုံးသို့ မိမိ၏အမည်၊ Passport နံပါတ်၊ မိမိလုပ်ကိုင်နေသည့်အလုပ်နှင့် လုပ်ကိုင်နေသည့်မြို့၊ မိမိလုပ်ငန်းရှင်၏အမည်၊ ကိုင်ဆောင်ထားသည့်ဖုန်းနံပါတ်၊ မြန်မာနိုင်ငံရှိ မိမိပြန်လိုသည့်မြို့နာမည်၊ သွားရောက်မည့်လမ်းကြောင်းများကို ဖြည့်သွင်းပေးရမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံအသီးသီးတွင် COVID 19 ထိန်းချုပ်ရေးလုပ်ဆောင်နေရဆဲဖြစ်ပြီး ပြည်ပရောက် နိုင်ငံသားများအား quarantine ထားရှိ လက်ခံပေးနေကြခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~