ကျိုင်းတုံ - တာချီလိတ်အကြား တာလေတံတားပေါ် ယာယီဘေလီတံတား ပြုလုပ်နေသည့် ဇန်နဝါရီလ(၁၉)ရက်နေ့ နံနက်အစောပိုင်း အခြေအနေ

Photo: U Nyein Thung 
Photo: U Nyein Thung 
ကျိုင်းတုံ - တာချီလိတ်အကြား တာလေတံတားပေါ် ယာယီဘေလီတံတား ပြုလုပ်နေသည့် ဇန်နဝါရီလ(၁၉)ရက်နေ့ နံနက်အစောပိုင်း အခြေအနေ
ဇန်နဝါရီ 19, 2024 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း ကျိုင်းတုံ - တာချီလိတ် သွား လမ်းပေါ် တာလေမြို့ရှိ တာလေတံတားတွင် တံတားအစိတ်အပိုင်း အောက်ခြေတစ်ခု ရေပေါက်အတွင်း ကျွံဝင်သွားမှု ဖြစ်ပွားပြီးနောက် ကွဲအက်ကြောင်းရာ ဖြစ်ပေါ်လာသည့်အတွက် ယာဉ်သွားလာမှုများကို ယာယီပိတ်ထားလိုက်ပြီး ယာယီဘေလီတံတားကို ညတွင်းချင်း ပြုလုပ်နေရာ ပြီးစီးလုနီးပါး အခြေအနေကို ယနေ့ ဇန်နဝါရီလ(၁၉)ရက်နေ့ နံနက်(၇)နာရီ ဝန်းကျင်တွင် တွေ့ရသည်။

အရှည်  (၃၂၅)ပေရှိပြီး သက်တမ်းအားဖြင့် နှစ်ပေါင်း (၂၀)ကျော် ကြာမြင့်နေသည့် တာလေတံတားတွင် ကွဲအက်ကြောင်းအရာဖြစ်ပွားနေသည်ကို ၂၀၂၄ခုနှစ် ဇန်နဝါရီလ(၁၈)ရက်နေ့ နံနက်ပိုင်းက စပြီးတာဝန်ရှိသူများက တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်ဟု သိရသည်။

ယင်းသို့ ဖြစ်ပေါ်နေသည်ကို တွေ့ရှိရပြီးနောက် ကုန်တင်ကားစသည့် ကားကြီးများကို သွားလာခွင့်ပိတ်ထားလိုက်ပြီး ကားသေးနှင့်ဆိုင်ကယ်များကို ဇန်နဝါရီလ(၁၈)ရက်နေ့ ညနေပိုင်းအချိန်အထိ အခြေနေကြည့်၍ သွားလာခွင့်ပေးလိုက်ပြီးနောက် ည(၇)နာရီဝန်းကျင်တွင် တံတားအား လုံးဝ ပိတ်ထားလိုက်ပြီး ဘေလီတံတားထိုးမှုက စတင်ခဲ့ကြရာ ယနေ့ ဇန်နဝါရီလ(၁၉)ရက်နေ့ နံနက်(၇)နာရီ ဝန်းကျင်အချိန်တွင် တစ်စိတ်တစ်ပိုင်းအဆင့်အထိ ပြီးစီးနေသည်ကို တွေ့ရသည်။

ရာနှုန်းပြည့်အနေဖြင့် ယနေ့ ညနေပိုင်း  ဇန်နဝါရီလ(၂၀)ရက်နေ့တွင် ပြီးစီးနိုင်ရန် မျှော်မှန်းထားကြောင်းနှင့် သတ်မှတ်အချိန်ထက် စော၍ ပြီးစီးနိုင်ရန်လည်း ကြိုးပမ်းလုပ်ဆောင်နေလျှက်ရှိကြောင်း တာဝန်ရှိသူများထံက သိရသည်။

အက်ကွဲကြောင်းရာ ဖြစ်ပေါ်လာသည့် တာလေတံတားသည် နယ်မြို့များမှ တဆင့် ကျိုင်းတုံကို ဖြတ်သန်းပြီး တာချီလိတ်သို့ ဦးတည်လာသည့် ခရီးသည်ယာဉ်များနှင့် ကုန်စည်အမျိုးမျိုးတင်ဆောင်သည့် ယာဉ်များ အပါအဝင် ထိုင်းနိုင်ငံဘက်မှ တင်သွင်းလာသည့် အစားအသောက်နှင့် ကုန်စည်ပစ္စည်းတင်ဆောင်သည့် ယာဉ်များလည်း တာလေတံတားကို မဖြစ်မနေ အသုံးပြုနေကြရသည့် အဓိက တံတားဖြစ်သည့်အတွက် အဆိုပါ တံတားပေါ်ကနေ သွားလာနိုင်ရေးအတွက် ယာယီဘေလီတံတား အမြန်ဆုံး ပြုလုပ်နေကြရခြင်း ဖြစ်ကြောင်း သိရသည်။ 

လက်ရှိ လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဆိုင်ကယ်သွားလာမှုများကိုပါ ခေတ္တပိတ်ထားလိုက်ပြီး လမ်းလျှောက်သွားလာသူများအနေဖြင့် အခြေအနေကြည့်၍ သွားလာနိုင်မည်ဖြစ်သလို မဖြစ်မနေ အရေးပေါ် လူနာတင်ကားများသွားလာနိုင်ရန်အတွက်လည်း တနည်းတဖုံစီစဉ်ပေးထားကြောင်း သိရသည်။

ယခုလို တာလေတံတား ကွဲအက်ကြောင်းရာဖြစ်ပေါ်လာရာရခြင်းမှာ ကွဲအက်ကြောင်းဖြစ်ပေါ်သည့် တံတားအောက်ခြေတွင် ရေတိုက်စားပြီး အောက်ခြေထိ ရေတိုးဝင်ကာ အပေါက်ဖြစ်ပြီး ကလိုင်သဖွယ်ဖြစ်ပေါ်ကာ တံတားတိုင်အစိတ်အပိုင်းတစ်ခုမှာ ကျွံဝင်သွားရာမှ ကွဲအက်ကြောင်းရာဖြစ်ပွားခြင်းဖြစ်သည်ကို တွေ့ရှိရကြောင်း တာဝန်ရှိသူများထံက သိရသည်။

တာလေတံတားကို ပြုပြင်နေသည့် သတ်မှတ်ရက်များတွင် မိုင်းလင်းဘက် မြို့ရှောင်လမ်းကနေ တာချီလိတ်သို့ သွားရောက်ရန်မှာ မြို့ပတ်လမ်းရှိ တံတားတစ်စင်းမှာ မပြီးစီးသေးသည့်အတွက် မြို့ပတ်လမ်းကနေလည်း သွားနိုင်ဦးမည် မဟုတ်သေးကြောင်း သိရသည်။