ရန်ကုန်လူမိုက် ကျော်ဝင်းစိန်ကို သတ်ဖြတ်မှု အပါအဝင် လူသတ်မှု(၃)မှုဖြင့် ထွက်ပြေးတိမ်းရှောင်ရာမှ ဖမ်းခံရသည့်  လူမိုက် ငမျိုး

ရန်ကုန်လူမိုက် ကျော်ဝင်းစိန်ကို သတ်ဖြတ်မှု အပါအဝင် လူသတ်မှု(၃)မှုဖြင့် ထွက်ပြေးတိမ်းရှောင်ရာမှ ဖမ်းခံရသည့်  လူမိုက် ငမျိုး

 ရန်ကုန်လူမိုက် ကျော်ဝင်းစိန်ကို သတ်ရာတွင် ဦးဆောင်ပြီး လူသတ်မှု(၃)မှုဖြင့် ထွက်ပြေးတိမ်းရှောင်နေသည့် ငမျိုး(ခေါ်) ရဲမျိုးသိမ်း အား  အထက်တန်းရှေ့နေတစ်ဦးကို ဝိုင်းဝန်းရိုက်နှက်ပြီး ဓါးဖြင့်ခုတ်ကာ လုယက်သွားသည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖမ်းဆီးရမိ၍ အသေးစိတ်စစ်ဆေးနေလျှက်ရှိကြောင်း သိရသည်။

လူမိုက်ခေါင်းဆောင် ငမျိုး(ခ) ရဲမျိုးသိမ်း(ခ)ကိုမျိုးသည် ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ်အတွင်း လွန်ခဲ့သည့် ၂၀၁၁ခုနှစ်က ဖြစ်ပွားခဲ့သည့် ဓါးခုတ်မှုဖြင့် ကြည့်မြင်တိုင်မြို့မရဲစခန်းတွင် (ပ) ၂၅၅/၂၀၁၁၊ ရာဇသတ်ကြီးပုဒ်မ ၃၂၄၊၃၂၃/၁၁၄ ဖြင့် လည်းကောင်း၊ မြောက်ဥက္ကလာတွင် ၂၀၁၁ ခုနှစ်က ဖြစ်ပွားခဲ့သည့် လူသတ်မှုနှင့်ပတ်သက်၍ ဝေဘာဂီနယ်မြေရဲစခန်းတွင် (ပ)၅၂၂/၂၀၁၁၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၄ ဖြင့် လည်းကောင်း အဖွင့်ထားကာ ရဲတပ်ဖွဲ့က အလိုရှိနေသည် တရားခံပြေးတစ်ဦးဖြစ်သည်။

ယင်းအပြင် ၂၀၂၀ခုနှစ်က ၎င်းနှင့်အတူ အုပ်စုလိုက်ဖြင့် ကမာရွတ်မြို့နယ်အတွင်း ဖြစ်ပွားသည့် လူသတ်မှုနှင့် ပတ်သက်ပြီး ကမာရွတ်မြို့မရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၃၀၂၊ ၃၂၆/၁၁၄ ဖြင့် လည်းကောင်း၊ ကြည့်မြင်တိုင်မြို့နယ်အတွင်း  ၂၀၂၃ခုနှစ် ဒီဇင်ဘာလ(၈)ရက်နေ့ ည(၁၁)နာရီအချိန်က ရန်ကုန်လူမိုက် ကျော်ဝင်းစိန်ကို ဓါးဖြင့်ခုတ်သတ်သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ကြည့်မြင်တိုင် မြို့မရဲစခန်းတွင် (ပ)၂၀၆/၂၀၂၃၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် လည်းကောင်း အမှုဖွင့်ထားကာ အလိုရှိနေသည့် တရားခံပြေးဖြစ်သည်။

လူမိုက်ခေါင်းဆောင် ငမျိုး နှင့်အဖွဲ့သည် နောက်ဆုံးအနေဖြင့် ၂၀၂၄ခုနှစ် မတ်လ(၅)ရက်နေ့၏ မွန်းလွဲပိုင်းက အလုံမြို့နယ် ဆင်ရေကန်လမ်းအနီးတွင် အထက်တန်းရှေ့နေ ဦးနေလင်းအောင်အား သံတုတ်များဖြင့် ရိုက်နှက်သည့်အပြင် ဓါးဖြင့်ပါ ဝိုင်းခုတ်ပြီး လက်ကိုင်ဖုန်းနှင့် ငွေကျပ် (၇)သိမ်းအား လုယက်ယူဆောင်သွားသည့် ဖြစ်စဉ်ကိုလည်း ကျူးလွန်ခဲ့ရာ ၎င်းအား အလုံမြို့မရဲစခန်းတွင် (ပ)၅၄/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅/၃၉၇ ဖြင့် အမှုဖွင့်လိုက်ပြီးနောက် မတ်လ(၆)ရက်နေ့တွင် ငမျိုး(ခေါ်) ရဲမျိုးသိမ်း(ခ)ကိုမျိုး နှင့် ၎င်း၏ အဖွဲ့တို့အား  စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်၊ သစ္စစေတီဘုရားအနီး ပုဗ္ပာရုံကျောင်းအတွင်း ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

 စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်၊ ပုဗ္ပာရုံကျောင်းအတွင်း လာရောက်တိမ်းရှောင်နေသည့်  ငမျိုး(ခေါ်) ရဲမျိုးသိမ်း(ခ)ကိုမျိုး အပါအဝင် အောင်ကျော်ကြား (ခ) ကျော်ကြီး၊ ဟိန်းထက်အောင် (ခ) ခေါင်းကြီး၊  အောင်မြတ်မင်း (ခ) အောင်ကြီး၊ ဥက္ကာ၊ အောင်တင်မြင့်ထွေး (ခ) အောင်လေး၊ ကျော်ဆန်းလင်း (ခ) သံမဏိ၊  မျိုးမင်းနိုင် (ခ) အရှည်ကြီး နှင့်   ဇော်မင်းဦး (ခ) တွတ်ပီတို့အား ဖမ်းဆီးမိသလို ၎င်းတို့နှင့်အတူ ဓါးရှည် (၅) ချောင်း၊ ဓါးမြှောင် (၂) ချောင်း၊ လေးခွ (၁) လက်၊ သံကုန်းသီး (၄၂) လုံးနှင့် အခြားဆက်စပ်ပစ္စည်းများ အပြင် ကား(၂)စီးလည်း သိမ်းဆည်းရရှိကြောင်း သိရသည်။

လူမိုက်ခေါင်းဆောင် ငမျိုး(ခ) ရဲမျိုးသိမ်း(ခ)ကိုမျိုးသည်  လူသတ်မှု(၃)မှုဖြင့်  အမှုဖွင့်ခံထားရသူဖြစ်သော်လည်း ၎င်းသည် လူမှုရေးအသင်းအဖွဲ့ကို တည်ထောင်ပြီး လူမှုကွန်ရက်(Facebook)တွင် ဘာသာရေးလုပ်ငန်းများကို အဓိက လုပ်ပြနေသူတစ်ဦးလည်းဖြစ်သည်။