အာဏာသိမ်းစစ်ကောင်စီက ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး UWSA ၊ NDAA၊ SSPP တို့နှင့် ဆွေးနွေးနေ

အာဏာသိမ်းစစ်ကောင်စီက ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး UWSA ၊ NDAA၊ SSPP တို့နှင့် ဆွေးနွေးနေ
ဇန်နဝါရီ 6, 2023 | 2021 Military Coup| အခြားဒေသများ



 

အာဏာသိမ်းစစ်ကောင်စီနှင့် "ဝ"ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့(NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)တို့ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၅)ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲကို အာဏာသိမ်း စစ်အုပ်စုဘက်က  ဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် အဖွဲ့နှင့် UWSA မှ ဒုတိယဥက္ကဌ ဦးလော့ယာကု၊ NDAA မှ ဒုတိယဥက္ကဌ ဦးစန်ပေ့၊ SSPP မှ ဒုတိယဥက္ကဌ(၂) စ၀်ခွန်ဆိုင်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် ဆွေးနွေးမည့် အကြောင်းအရာ၊ အစီအစဉ်များကို နှစ်ဘက် ညှိနှိုင်းကြပြီး ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေး သဘောတူညီချက်များအရ ယခုတတိယအကြိမ်၌ ဆက်လက်ဆွေးနွေးရန်နှင့် အဖွဲ့အသီးသီး၏ နိုင်ငံရေးလိုလားချက်များကို နှစ်ဖက်အပြန်အလှန်ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ထို့နောက် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုကို တည်ဆောက်ရာတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခြေခံကျသောပုဒ်မများကို ပြင်ဆင်နိုင်ငံရေးကိစ္စများဆွေး နွေးခဲ့ကြသည်ဟု သိရသည်။

၎င်းအဖွဲ့များသည် ယနေ့ ဇန်နဝါရီလ(၆)ရက်တွင်လည်း ထပ်မံဆွေးနွေးသွားရန်ရှိ နေသည်။