ရွှေဘိုမြို့နယ် နှမစားရစ်ကျေးရွာတွင် စစ်ကောင်စီတပ် နှင့် တိုက်ပွဲအတွင်း PDF (၁၅)ဦး ကျဆုံး 

ရွှေဘိုမြို့နယ် နှမစားရစ်ကျေးရွာတွင် စစ်ကောင်စီတပ် နှင့် တိုက်ပွဲအတွင်း PDF (၁၅)ဦး ကျဆုံး 
ဖေဖော်ဝါရီ 25, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် နှမစားရစ်ကျေးရွာအတွင်း အာဏာသိမ်းစစ်ကောင်စီ တပ်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားရာ PDF ဘက်က (၁၅)ဦး နိုင်ငံတော်ကို အသက်ပေးကာကွယ်သွားကြောင်း သိရသည်။

ယနေ့ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၂၅)ရက်နေ့ နံနက်(၆)နာရီ ဝန်းကျင်အချိန်က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အကြမ်းဖက် စစ်တပ်သည် လက်နက်အင်အား လူအင်အားဖြင့် နှမစားရစ်ကျေးရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ် ဝင်ရောက် အကြမ်းဖက်ရာမှ  ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ ပြန်လည်ခုခံတိုက်ခိုက်ရင်း PDF ဘက်က တပ်ဖွဲ့ဝင် (၁၅)ဦး ကျဆုံးသွားရခြင်း ဖြစ်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အာဏာသိမ်း စစ်ကောင်စီတပ်၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု အပါအဝင် နေအိမ်များအတွင် ဝင်ရောက်ရှာဖွေပြီးနောက် နေအိမ်များကို မီးရှို့ဖျက်ဆီးသည့်အတွက် နေအိမ်အများအပြား မီးလောင်ပျက်စီးသွားခဲ့ရသည်။

အပြန်အလှန် တိုက်ပွဲအတွင်း PDF အဖွဲ့၏  လက်လုပ်တစ်တောင့်ထိုး သေနတ် (၁၀)လက်၊ လက်လုပ်စိန်ပြောင်း(၁)လက်၊ လက်လုပ်ပစ္စတို(၁)လက်၊ လက်လုပ်စိန်ပြောင်းကျည် (၇)တောင့်နှင့် လက်လုပ်တစ်တောင့်ထိုး သေနတ်ကျည် (၄၅)တောင့်အပြင်  GALON PDF ၏ တံဆိပ်ပါကပ်ခွာ (၁)ခုလည်း သိမ်းဆည်းသွားသည်ဟု သိသည်။

 အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ခိုင်းစေမှုဖြင့် အကြမ်းဖက် စစ်တပ်သည် စစ်ကိုင်းတိုင်းအတွင်းရှိ PDF များ၏ စခန်းများကို ဝင်းစီးခြင်း၊ ကျေးရွာများတွင် PDF များကို အကြောင်းပြကာ နေအိမ်များအတွင်းရှာဖွေ ဖျက်ဆီး၊ မီးရှို့ခြင်းများကို ယနေ့ထိတိုင်တိုင် အကြမ်းဖက် လုပ်ဆောင်နေကြောင်း သိရသည်။