မင်းပြားနှင့် ရသေ့တောင်တွင် တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်၏ ကားနှစ်စီးနှင့် စခန်းတချို့ AA သိမ်းပိုက်ရရှိ

မင်းပြားနှင့် ရသေ့တောင်တွင် တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်၏ ကားနှစ်စီးနှင့် စခန်းတချို့ AA သိမ်းပိုက်ရရှိ
နိုဝင်ဘာ 13, 2023 | 2021 Military Coup| အခြားဒေသများ

ရခိုင်ပြည်နယ် မင်းပြား၊ ရသေ့တောင်မြို့နယ်တို့တွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၃)ရက်နေ့ နံနက်ပိုင်းကစတင်ကာ တိုက်ပွဲဖြစ်နေပြီး ရန်ကုန်-စစ်တွေကားလမ်း သွားမရတော့ကြောင်း ဒေသခံများထံမှ သိရသည်။

မင်းပြားမြို့နယ်၊ ဖားပြိုနှင့် မေလွမ်းရွာကြားတွင် စစ်ကောင်စီတပ် ကား(၂)စီးကို ရက္ခိုင့်တပ်တော်(AA)က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကား(၂)စီးလုံး ပျက်စီးပြီး AAဘက်က သိမ်းဆည်းရရှိခဲ့သည်ဟု ဒေသခံများက Tachileik News Agencyကိုပြောသည်။ 

လက်ရှိတွင် ရန်ကုန်-စစ်တွေ ကားလမ်း၊ မင်းပြား-အမ်းကြားသွားကားလမ်းများ သွားလာ၍ မရတော့ဘဲ စစ်ကောင်စီတပ်ဘက်က မြောက်ဦးဂိတ်နှင့် ကျောက်တန်းဂိတ်တို့ကို လက်ရှိတွင် ပိတ်ထားကြောင်း သိရသည်။ 

ရသေ့တောင်မြို့နယ်ဘက်တွင်လည်း မေယုကမ်း၊ ဒုံးပိုက်နှင့် ချိန်ခါလီ နယ်ခြားစောင့်စခန်းများကို ရက္ခိုင့်တပ်တော် AA က ဝင်ရောက်တိုက်ခိုက်နေကြောင်း သိရသည်။ 

လက်ရှိတွင် ရက္ခိုင့်တပ်တော်(AA)က နယ်ခြားစောင့်စခန်းချို့အား သိမ်းပိုက်ထားသည်ဟု ဒေသခံများထံက သိရသည်။

#TachileikNewsAgency