ဆီဆိုင်မြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးအကြိမ် ၁၀၀ ဝန်းကျင် ပစ်ခတ်ဖျက်ဆီး၊  ဟိုပုံးမြို့နယ် မဲနယ်တောင်လမ်းကိုလည်း မြေတူးစက်ဖြင့် ဖျက်ဆီးသွား

ဆီဆိုင်မြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးအကြိမ် ၁၀၀ ဝန်းကျင် ပစ်ခတ်ဖျက်ဆီး၊  ဟိုပုံးမြို့နယ် မဲနယ်တောင်လမ်းကိုလည်း မြေတူးစက်ဖြင့် ဖျက်ဆီးသွား

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ယမန်နေ့ ၂၀၂၄ ခုနှစ် မတ်လ (၅)ရက်နေ့က အကြိမ်(၁၀၀)နီးပါး ပစ်ခတ်၍ ဖျက်ဆီးခဲ့ကြောင်း PNLAထံမှ သိရသည်။

ဆီဆိုင်မြို့မြောက်ဘက်နှင့် ဆိုက်ခေါင်စံပြကျေးရွာတွင် အခြေစိုက်သည့် စစ်ကောင်စီတပ်များက ဆီဆိုင်မြို့အတွင်းသို့ လက်နက်ကြီးနှင့် ဒရုန်းများ အသုံးပြုပြီး တနေကုန် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဆီဆိုင်ဆေးရုံအဆောက်အဦးတချို့နှင့် မြို့တွင်းရှိ အဆောက်အဦးတချို့ ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့အပြင် ယမန်နေ့တွင်ပင် စစ်ကောင်စီသည် မဲနယ်တောင်ဒေသကိုလည်း ဟိုပုံးမြို့ဘက်မှ လက်နက်ကြီးဖြင့် (၁၈)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသရှိ အများပြည်သူ သွားလာသည့်လမ်းကိုလည်း စစ်ကောင်စီတပ်က ဖျက်ဆီးထားသဖြင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က ပြန်လည်ပြုပြင်ပေးခဲ့ရသည်ဟု သိရသည်။

စစ်ကောင်စီတပ်များသည် အများပြည်သူ အခက်ခဲဖြစ်စေရန် လမ်းများကို မြေတူးစက်များဖြင့် ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး PNLA က ပြန်လည်ပြုပြင်ခဲ့သဖြင့်  မော်တော်ယာဉ်များ ပြန်လည်သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

ထိုအပြင် စစ်ကောင်စီတပ်များသည် ကုန်စည်စီးဆင်းရာ အဓိကလမ်းမကြီးတစ်ခုဖြစ်သည့် ဟိုပုံး-မိုင်းပွန် လမ်းမကြီးကိုလည်း ဖွင့်၊ ပိတ် ပြုလုပ်နေသဖြင့် ကုန်သည်များနှင့် ပြည်သူများ အခက်အခဲဖြစ်နေသည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency