KRF တည်ထောင်ပြီး ၂ နှစ်အတွင်း စစ်ကောင်စီတပ်နှင့် ပူးပေါင်းအဖွဲ့ဝင်များကို အကြိမ် ၁၀၀ တိုက်ခိုက်နိုင်ခဲ့ဟု ထုတ်ပြန်

KRF တည်ထောင်ပြီး ၂ နှစ်အတွင်း စစ်ကောင်စီတပ်နှင့် ပူးပေါင်းအဖွဲ့ဝင်များကို အကြိမ် ၁၀၀ တိုက်ခိုက်နိုင်ခဲ့ဟု ထုတ်ပြန်
စက်တင်ဘာ 13, 2023 | 2021 Military Coup| အခြားဒေသများ

ကျိုက်ထိုမြို့နယ် တော်လှန်ရေးအင်အားစု(KRF)တည်ထောင်ပြီး (၂)နှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းကာ အကြိမ်(၁၀၀) တိုက်ခိုက်နိုင်ခဲ့သည်ဟု ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁၃)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

(၂)နှစ်အတွင်း ကျိုက်ထိုမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့၊ ရဲ၊ ပျူစောထီးနှင့် စစ်ကောင်စီသတင်းပေးများကို ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်းနှင့် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခြင်းတို့အား အကြိမ်(၁၀၀)ပြုလုပ်နိုင်ခဲ့သည်ဟုဆိုသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်နှင့် ပူးပေါင်းအဖွဲ့ဝင်(၁၆၀)ကျော် သေဆုံးခဲ့ရပြီး ဒဏ်ရာရသူလည်း များပြားခဲ့သည်ဟု သတင်းထုတ်ပြန်ထားသော်လည်း Tachileik News Agency အနေဖြင့် ၎င်းသေဆုံးမှုစာရင်းကို အတည်မပြုနိုင်ပါ။

တိုက်ခိုက်မှုများအတွင်း ကျိုက်ထိုမြို့နယ် တော်လှန်ရေးအင်အားစု (KRF)မှ ရဲဘော်(၇)ဦး ကျဆုံးခဲ့ရသော်လည်း စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ တိုက်ပွဲဝင်သွားမည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency