မြောက်ဦးမြို့ရှိ စစ်ကောင်စီပိုင် ယာဉ် ၉ စီးကို AA သိမ်းဆည်းပြီးနောက် ရခိုင်ပြည်သူနှင့် စစ်ကောင်စီရန်တိုက်

မြောက်ဦးမြို့ရှိ စစ်ကောင်စီပိုင် ယာဉ် ၉ စီးကို AA သိမ်းဆည်းပြီးနောက် ရခိုင်ပြည်သူနှင့် စစ်ကောင်စီရန်တိုက်

ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ စစ်ကောင်စီပိုင် ယာဉ်(၉)စီးကို ရက္ခိုင့်တပ်တော်(AA)က သိမ်းဆည်းလိုက်ပြီးနောက် စစ်ကောင်စီက ရခိုင်ပြည်သူလူထုအား တိုက်ရိုက်ထိပါးစော်ကားခြင်းဖြစ်သည်ဟု AA နှင့် ပြည်သူကို ရန်တိုက်စကား ပြောဆိုလိုက်သည်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက AAသည် မြောက်ဦးခရိုင် ရှေးဟောင်းသုတေသနကမ္ဘာ့အမွေအနှစ်စီမံခန့်ခွဲရေးဌာနပိုင် ယာဉ်(၃)စီးအပါအဝင် ခရိုင်ဖွံ့ဖြိုးရေးယာဉ်များ၊ ကျေးလက်ဖွံ့ဖြိုးရေးပိုင်ယာဉ်များ၊ သာသနာရေးဌာနပိုင်ယာဉ်များကို ခြိမ်းခြောက်ရယူသွားပြီး ၎င်းတို့အဖွဲ့အကျိုးအတွက် အသုံးပြုနေသည်ဟု စွပ်စွဲသည်။

“မြောက်ဦးခရိုင်ဆိုတာသည် ရှေးဟောင်းသုတေသနအဖွဲ့ရဲ့ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အောင်လုပ်ဆောင်နေတဲ့ နေရာဖြစ်ပါတယ်။ ဒီနေရာတွေမှာ ဒီလုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုလုပ်ဆောင်နေတဲ့ ယာဉ်တွေကို ယူဆောင်သွားပြီး အဖွဲ့အကျိုးအတွက် အသုံးချခြင်း၊ အဖွဲ့အကျိုးအတွက် ဆောင်ရွက်ခြင်းသည် ရခိုင်ပြည်သူလူထုကို တိုက်ရိုက်ထိပါးစော်ကားခြင်းဖြစ်တယ်လို့ဘဲ ကျွန်တော်ပြောချင်ပါတယ်။”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုသည်။

အဆိုပါ စစ်ကောင်စီယာဉ်များကို AAက ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ(၂၆၊ ၂၈၊ ၂၉၊ ၃၀)ရက်နေ့တို့တွင်  သိမ်းဆည်းခဲ့ပြီးနောက် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ဒီဇင်ဘာလ (၄)ရက်နေ့တွင် ယင်းသို့ ပြောဆိုလာခဲ့ခြင်းဖြစ်သည်။ 

ပြီးခဲ့သည့် နိုဝင်ဘာလ (၂၂)ရက်နေ့ကလည်း ကျောက်တော်မြို့နယ်အတွင်း ရေယာဉ်နှစ်စီးကို AA တပ်ဖွဲ့က သိမ်းယူသွားသည်ဟုလည်း စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်သည် ညီနောင်မဟာမိတ်တပ်များ၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ရေးရှုံးနှိမ့်နေကာ တပ်စခန်း(၂၀၀)ကျော်၊ မြို့(၅)မြို့နှင့် နယ်စပ်ဂိတ်(၄)ခုကို သိမ်းပိုက်ခံထားရပြီး ရခိုင်ပြည်နယ်တွင်လည်း စစ်ကောင်စီတပ်၏ နယ်ခြားစောင့်စခန်းများနှင့် ရဲစခန်းများကို AAက တိုက်ခိုက်သိမ်းပိုက်ထားသည်။

#TachileikNewsAgency